မူဒရစ်ကို နှစ်ရှည် အပီချုပ်လိုက်တဲ့ ချဲလ်ဆီးအသင်းရဲ့ သဘောတူ စာချုပ် အချက်အလက်တွေ ရိုမန်နို ဖော်ထုတ်
အပြောင်းအရွှေ့ ကျွမ်းကျင် သတင်းထောက် ဖက်ဘရီဇီယို ရိုမာနိုက ချဲလ်ဆီးအသင်းဟာ မိုင်ခေလို မူဒရစ်ကို ၇ နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီ ၁၄ ရက်နေ့မှာ ချဲလ်ဆီးအသင်းဟာ ရှက်တာဒိုးနတ်ကြယ်ပွင့်ကို ခေါ်ယူဖို့ ဆုံးဖြတ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး မူဒရစ်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့ချင်ခဲ့ပေမယ့်လည်း အနောက် လန်ဒန် ကလပ်အသင်းက ယူကရိန လပ်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ရိုမာနိုက ဖော်ပြခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ထပ်ဆောင်းပေးချေမှုတွေအပါအဝင် ယူရို ၉၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ချဲလ်ဆီး အသင်းက ယူရိုသန်း ၁၀၀ နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး လက်ရှိမှာ ရိုမာနိုက ယူကရိန်းတောင်ပံကြယ်ပွင့်ရဲ့ စာချုပ် အသေးစိတ်ကို ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။

“မိုင်ခေလို မူဒရစ်က အခု ဆေးစစ်မှုတွေ အောင်မြင်သွားပြီမို့လို့ ချဲလ်ဆီးအသင်းက လာမယ့်နာရီ အနည်းငယ်အတွင်း တရားဝင် စာချုပ် ချုပ်ဆိုဖို့ စီစဉ်နေပါတယ်။ မူဒရစ် စာချုပ်က ၂၀၃၀ ဇွန်လအထိ သက်တမ်းရှိပြီး အဲဒါက အသင်းကို FFP နဲ့ စုစုပေါင်းတန်ဖိုးကို ရေရှည်မှာ လျော့ကျစေဖို့ အကူအညီဖြစ်စေမှာပါ”လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဗဟိုခံစစ်ကစားသမား ဘာဒါရှီလေကိုလည်း ၇ နှစ်ခွဲစာချုပ် ချုပ်ဆိုသွားမှာဖြစ်တယ်လို့ သိရပြီး နောက်ခံကစားသမားဟာ မိုနာကိုအသင်းကနေ ပေါင် ၃၄ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ်ကစားသမားသစ်ခေါ်ယူမှုဖြစ်တဲ့ ဒေးဗစ် ဒေထရို ဖိုဖာနာကလည်း မိုလ်ဒီအသင်းကနေ ပေါင် ၁၀.၆ သန်းဝန်းကျင်နဲ့ ရောက်ရှိလာခဲ့ပြီးနောက် ၆ နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး မူဒရစ် ဟာ ယခုဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အလှုပ်ခတ်ဆုံး အပြောင်းအရွှေ့ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
မိုင်ခေလို မူဒရစ် ဟာ ယူကရိန်းလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၈ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပြီး အသက်၂၂ နှစ်အရွယ် ယူကရိန်း တောင်ပံကစားသမားအတွက် အလွန်ကောင်းမွန်တဲ့ရာသီဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ မိုင်ခေလို မူဒရစ် ရောက်ရှိလာမှုက ယခုရာသီမှာ ရုန်းကန်နေရတဲ့ အသင်းရဲ့ ခြေစွမ်းကို ပြန်လည် အသက်သွင်းနိုင်မယ်လို့ မျှော်လင့်နေမှာဖြစ်ပြီး ဂရေဟမ် ပေါ့တားရဲ့အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲမှာ ၇ ပွဲအထိ ရှုံးနိမ့်ခဲ့သလို ယခုရာသီ ပရီးမီးယားလိဂ် ၁၈ ပွဲမှာ ၂၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။