အိမ်ရှင် ဖြစ်လို့ မန်ယူ အရေးသာသွားတယ် ထင်ကြောင်း သုံးသပ်လာတဲ့ ဒိုင်လူကြီးဟောင်း

ဒိုင်လူကြီးဟောင်းဖြစ်သူ Des Roache က မန်ချက်စတာဒါဘီပွဲစဉ်မှာ အိမ်ရှင်မန်ယူအသင်းကို ဒိုင်ကူခဲ့တယ် လို့ သုံးသပ်ပြောကြားခဲ့ပြီး ဖာနန်ဒက်စ်သွင်းယူသွားတဲ့ဂိုးမှာ တိုက်စစ်မှူးရက်ဖို့ဒ်အနေနဲ့ သေချာပေါက် လူကွံျ့နေခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာဒါဘီပွဲအဖြစ်ယှဉ်ပြိုင်ကစားခဲ့ရာမှာ အိမ်ရှင် မန်ယူအသင်းက မန်စီးတီါ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယစစချင်းမှာ ဂရီးလစ်ရှ်က မန်စီးတီးအတွက် ချေပဂိုးသွင်းခဲ့ပေမယ့် ဖာနန်ဒက်စ်၊ ရက်ဖို့ဒ်တို့က မန်ယူအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ အသီးသီးသွင်းပေးခဲ့ကြတာပါ။

ဒီပွဲစဉ်မှာ အငြင်းပွားဖွယ်ရာ ဖြစ်ရပ်တချို့လည်း ဖြစ်ပွားခဲ့ပါတယ်။ အထူးသဖြင့် ဖာနန်ဒက်စ်အနေနဲ့ မန်ယူအတွက် သွင်းယူခဲ့တဲ့အဖွင့်ဂိုးမှာ တိုက်စစ်မှူး ရက်ဖို့ဒ်က လူကျွံ့အနေအထားမှာ ရှိခဲ့ပါတယ်။ ကက်စမဲရိုးဟာ ဘောလုံးကို ရက်ဖို့ဒ်ရဲ့ပြေးလမ်းကြောင်းထဲ ဘောလုံးမျှောပေးခဲ့ပါတယ်။

ရက်ဖို့ဒ်ကလည်း ဘောလုံးနောက်ကို ရည်ရွယ်ချက်ရှိရှိ လိုက်ခဲ့ပြီး ကစားကွက်ထဲ သိသိသာသာ ပါဝင်နေခဲ့တာပါ။ဒါပေမယ့် အဆုံးသတ်မှာ ရက်ဖို့ဒ်အနေနဲ့ ဘောလုံးကို ထိခဲ့ခြင်း မရှိဘဲ ဖာနန်ဒက်စ်က ကြားဖြတ်လုယူကန်သွင်းခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ ရက်ဖို့ဒ်အနေနဲ့ လူကျွံ့နေခဲ့ပြီး အိမ်ရှင်အသင်းရဲ့အားပေးမှုကဒိုင်အပေါ် လွှမ်းမိုးမှု ရှိခဲ့ပုံရတယ်လို့ ဒိုင်လူကြီးဟောင်း Des Roache က မှတ်ချက်ပြုခဲ့ပါတယ်။ “ရက်ဖို့ဒ်က ကစားကွက်ထဲ သိသိသာသာ ပါဝင်ခဲ့ပြီး ဒါက လူကျွံ့ဘောဖြစ်သင့်ပါတယ်။

သူက ဘောလုံးနဲ့အတူတူ ဆွဲပြေးပြီး မန်စီးတီးကစားသမားတွေကို အာရုံပြောင်းအောင် လုပ်ခဲ့တာပါ။ တကယ်လို့ ကျွန်တော်သာ အဲဒီပွဲကိုကြီးကြပ်ရင် ဒီဂိုးကို ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဘောလုံးပွဲတွေအတွင်း အိမ်ရှင်ပရိသတ်တွေရဲ့ အော်သံတွေကလည်း ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို မလွှမ်းမိုးဖို့ မျှော်လင့်ပါတယ်”လို့ ၎င်းက ဆိုခဲ့ပါတယ်။

မန်ယ အသင်း အနေနဲ့ မန်ချက်စတာဒါဘီပွဲမှာ အနိုင်ရရှိတဲ့အတွက် အခုဆိုရင် မန်စီးတီးနဲ့ တစ်မှတ်အကွာ အနေအထားရှိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။