မက်ဆီနဲ့ မာရာဒိုနာ ပိုကောင်းသလဲ ဆိုတာ သူ့အမြင် ထုတ်ပြောလာတဲ့ အာဂျင်တီးနား နည်းပြ

၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးနည်းပြဆုကိုပါ ရရှိဖို့ ရေပန်းစားနေတဲ့ အာဂျင်တီးနားအသင်း နည်းပြ လီယွန်နယ် စကာလိုနီက သူတို့နိုင်ငံရဲ့ ဂန္ထဝင် မာရာဒိုနာနဲ့ GOAT မက်ဆီတို့နှစ်ဦးကြား ဘယ်သူက ဘယ်လိုလဲဆိုတာကို သူ့အမြင် သုံးသပ်သွားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ရွှေဘောလုံးဆုကို ဒုတိယ အကြိမ်မြောက်အဖြစ် ဆွတ်ခူးခဲ့သလို အာဂျင်တီးနားတို့ကို ဒီယေဂို မာရာဒိုနာနောက်ပိုင်း ပထမဆုံး ကြီးကျယ်ခမ်းနားတဲ့ ဆုဖလားကို ကိုင်မြှောက်နိုင်စေသူအဖြစ် ဂုဏ်သိက္ခာချင်း ထပ်တူညီသွားခဲ့ပါတယ်။

လက်ရွေးစင်နည်းပြ လီယွန်နယ် စကာလိုနီကတော့ မက်ဆီက ပိုကောင်းတဲ့ အကြောင်းကို ပြတ်ပြတ်သားသားပဲ ပြောလိုက်ပြီး မာရာဒိုနာကို လေးစားရပေမယ့် သူ့ကို ကမ္ဘာ့ဖလားဆုရှင်နည်းပြဖြစ်အောင် ရုန်းကန်ပြီး ထမ်းတင်ပေးခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးအပေါ်မှာ ထူးခြားတဲ့ နှစ်သက်ရမှုတွေ ရှိနေကြောင်းကိုလည်း ထုတ်ဖော်သွားခဲ့တာပါ။

“ကျွန်တော့်အတွက်တော့ မက်ဆီက သမိုင်းတစ်လျှောက်လုံးမှာ ပိုကောင်းတဲ့ ကစားသမားပဲဗျ”လို့ စကာလိုနီက El Partidazo de COPE ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ပွဲရေဒီယို အစီအစဉ်နဲ့‌ တွေ့ဆုံမေးမြန်းမှုမှာ ပြောကြားခဲ့တာပါ။

“မာရာဒိုနာကတော့ ကြီးကျယ်ခမ်းနားပါတယ်။ ဒါပေမယ့် လီယိုက ကျွန်တော့်အတွက် ပိုပြီး ထူးခြား ကောင်းမွန်ခဲ့တယ်လေ” လို့ ၎င်းက ဆိုသွားခဲ့ပါတယ်။

စကာလိုနီဟာ အာဂျင်တီးနားအသင်းကို မကိုင်တွယ်ခင်မှာ သာမန် နည်းပြနဲ့ ကစားသမားဟောင်းတစ်ယောက်သာ ဖြစ်ခဲ့သလို ဒီပေါ့တီဗို လာကရူညာအသင်းမှာ ကစားဖူးပြီး လာလီဂါဖလားတစ်လုံးကို ကိုင်မြှောက်ဖူးတာက သူ့ရဲ့အကြီးမားဆုံး အောင်မြင်မှုဖြစ်ခဲ့ပြီး နည်းပြဘဝမှာတော့ ဟော်ဟဲ ဆမ်ပါအိုလီရဲ့ လက်ထောက်အဖြစ် ဆီဗီလာမှ စတင်တွဲဖက်ပြီးမှ အာဂျင်တီးနားကို ပါလာခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားမှာ ကစားသမားတွေနဲ့ ပြဿနာတက်ပြီး ထွက်ခဲ့ရတဲ့ ဆမ်ပါအိုလီကြောင့် ဦးဆောင်သူ မရှိတော့တဲ့ အာဂျင်တီးနားအသင်းကို စကာလိုနီက အသင်းဖော်ဟောင်းတွေဖြစ်ကြတဲ့ ဝေါ်လ်တာ ဆမ်မြူယယ်၊ ရော်ဘတ်တို အာယာလာ၊ ပါဘလို အိုင်းမားတို့နဲ့အတူ စုဖွဲ့ကိုင်တွယ်ခဲ့အပြီးမှာ မက်ဆီရဲ့ ဦးဆောင်မှုနဲ့ ကံစပ်ခဲ့သလို ၂၀၂၁ ကိုပါအမေရိကဖလားနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားတို့ကို ဆက်တိုက်ရယူနိုင်ခဲ့လို့ ဒီလိုစကားမျိုး ပြောဆိုလာတာလည်း ဖြစ်နိုင်ပါတယ်။