အဆင့် ၃ နေရာ တက်ခဲ့ပေမယ့် နှစ်မှတ်လျော့၊ အဓိကလူ ပွဲပယ်မိသွားလို့ စိတ်ပျက်ခဲ့ရတဲ့ မန်ယူအသင်း
ပုံစံကောင်းတွေ ဆက်တိုက်ပြနေတဲ့ မန်ချက်စတာ ယူနိုက်တက် ကတော့ မနေ့ညက ပွဲကျန် ဖြစ်တဲ့ ပဲလေ့စ်နဲ့ အဝေးကွင်းပွဲ ကစားခဲ့ရာ လန်ဒန်မြေမှာ အရေးမလှခဲ့ဘဲ ၁-၁ သရေကျကာ နိုင်ပွဲပျောက်ဆုံးခဲ့ရပါတယ်။
မန်ယူအနေနဲ့ ဒီပွဲမှာ ၄-၂-၃-၁ ကစားကွက်ကို ကျင့်သုံးခဲ့ပြီး တိုက်စစ်မှူးသစ် ဝက်ဟော့ချ်ကို အသုံးပြုကာ ရက်ဖို့ဒ်၊ ဖာနန်ဒက်စ်၊ အန်တိုနီတို့နဲ့ တွဲပေးခဲ့ပါတယ်။
ကွင်းလယ်မှာ အဲရစ်ဆင်၊ ကက်စမဲရိုးတို့ကို အသုံးပြုခဲံတာပါ။နောက်တန်းမှာ လုရှောခ်၊ မာတီနက်ဇ်၊ ဗာရန်း၊ ဝမ်ဘစ်ဆာကာတို့ကို ကစားစေခဲ့တာပါ။ ပဲလေ့စ်ကလည်း ၄-၂-၃-၁ ကစားကွက်ကို ခင်းကျင်းကာ အီဒူရတ်၊အိုလစ်၊ မာတီတာ၊ ဇာဟာတို့နဲ့ အတောင့်တင့်ဆုံး လူစာရင်းကိုပဲ အသုံးပြုခဲ့တာပါ။
မန်ုယူဟာ ပွဲအစကတည်းက ပဲလေ့စ်ဘက်ကို ဖိအားပေး ထိုးဖောက်ခဲ့ပြီး ကစားကွက်ပိုင်း အသာစီးရယူနိုင်ခဲ့ပါတယ်။ နိုင်ပွဲတွေဆက်ပြီး ယုံကြည်မှု မြင့်မားနေတဲံ မန်ယူရဲ့ကစားကွက်ပိုင်းက ပထမပိုင်းမှာ အပြစ်ပြောစရာမရှိဘဲ ဖြည်းဖြည်း မှန်မှန်နဲ့ ပဲလေ့စ်နောက်တန်းကို ဖြိုခွင်းဖို့ လုပ်ခဲ့ပါတယ်။
အိမ်ရှင်ပဲလေ့စ်ကလည်း သူတို့ရဲ့ ထုံးစံအတိုင်း ခံစစ်ကို မာမာထန်ထန် ပိတ်ဆို့ကစားပြီး တန်ပြန်တိုက်စစ်ကနေ ဂိုးရဖို့ ကြိုးပမ်းခဲ့ပါတယ်။ မန်ယူဘက်မှာ တိုက်စစ်မှူးသစ် ဝက်ဟော့ချ် အဖွင့်ပွဲမှာ ထင်သလောက်မဖြစ်ခဲ့ပေမယ့် အလားအလာ ကောင်းတွေ တွေ့မြင်ခဲ့ရပါတယ်။
ဝက်ဟော့ချ်ရဲ့ ပုံစံက ဖြတ်တင်ဘောတွေကို အသုံးချမှု အားကောင်းတာတွေ့ရပြီး ရှေ့လျှောက် သူ့ဆီကနေ ခေါင်းတိုက်ဂိုးတွ အများကြီး မျှော်လို့ရပါတယ်။ ဖာနန်ဒက်စ် သွင်းယူခဲ့တဲ့အဖွင့်ဂိုးကလည်း သူ့ရဲ့ပါးနပ်မှုကနေ ရခဲ့တာပါ။
မန်ယူအတွက် အဖွင့်ဂိုးကိုတော့ ပထမပိုင်းပြီးခါနီး ၄၃ မိနစ်မှာ အဲရစ်ဆင်ရဲ့ ဖန်တီးမှုကနေ ဖာနန်ဒက်စ်က သွင်းယူခဲ့တာပါ။ ဒုတိယပိုင်းမှာ မန်ယူကစားသမားတွေရဲ့ ပွဲပန်းမှုဒဏ် ပေါ်လွင်ခဲ့ပြီး ကစားပုံက အားရစရာမရှိခဲ့ပါဘူး။ မန်ယူရဲ့ ကစားအား ကျဆင်းသွားခဲ့ပြီး ပဲလေ့စ်ရဲ့ ဖိအားပေးခြင်းကို ခံခဲ့ရပါတယ်။
ရက်ဖို့ဒ် ဂိုးရရှိဖို့ အခွင့်အရေးကောငု်းတစ်ကြိမ်ရခဲ့ပေမယ့် တစ်ကိုယ်ကောင်းဆန်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ ဒီလိုနဲ့ ပွဲပြီးခါနီးမှာ အိုလစ်က ပဲလေ့စ်အတွက် ချေပဂိုး ပြန်သွင်းယူပြီး သရေကျသွားပါတယ်။
အဓိကကွင်းလယ်လူ ကက်စမဲရိုး အဝါကတ်ထိပြီး နောက်ပွဲ အာဆင်နယ်နဲ့ပွဲကို လွဲချော်မှာက မန်ယူအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီသရေ ရလဒ်ကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ အဆင့် ၃ နေရာသို့ တက်လာခဲ့ပါတယ်။