၄၈ နာရီအတွင်း ရောက်မယ့် နောက်ခံလူသစ်၊ အိုဒီဂတ် လို ထပ်ခေါ်ဖို့ စီစဉ်ခြင်း၊ ထရော့ဆတ်ကို နှုတ်ဆက်သူနဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ်တို့အနေနဲ့ နောက်ထပ် မာတင် အိုဒီဂတ် လမ်းစဉ် အပြောင်းအရွှေ့ကို စီစဉ်နေပြီး ရီးရဲလ်မက်ဒရစ် အသင်းမှာ ကစားခွင့် နည်းပါးနေတဲ့ ပြင်သစ်ကွင်းလယ် ကာမာဗင်ဂါကို ခြောက်လအငှားနဲ့ ခေါ်ယူသွားဖို့ စီစဉ်နေပြီး အဆင်ပြေနိုင်ဖွယ် ရှိနေပါတယ်။

အာဆင်နယ်တို့ဟာ စီးရီးအေ ဈေးကွက်ကို ကောင်းကောင်း မွှေနှောက်တတ်နေပြီဖြစ်ပြီး ကီဗီယာကို ခေါ်ယူနိုင် တော့မယ့် အပြင် ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ဗလာဟိုဗစ်ချ်ကိုလည်း ရရှိနိုင်ဖို့ ကြိုးစား လာလိမ့်မယ်လို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။

ဘရိုက်တန်အသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့သွားတဲ့ တောင်ပံကစားသမား လီယန်ဒရို ထရော့ဆတ်အတွက် နည်းပြဟောင်း ရောဘတ်တို ဒီဇာဘီက ဝမ်းနည်းကြောင်း နှုတ်ဆက်စကားပြောကြားလိုက်ပြီး အသင်းသစ်နဲ့ အောင်မြင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

အာဆင်နယ်တို့အနေနဲ့ သူတို့ရဲ့ ဒုတိယမြောက် ဆောင်းရာသီ ကစားသမားခေါ်ယူမှုအဖြစ် စီးရီးအေကလပ် စပီဇီယာအသင်းရဲ့ နောက်ခံလူ ယာကုဘ် ကီဗီယာကို ၄၈ နာရီအတွင်း ရရှိနိုင်ဖို့ ပြင်ဆင်နေပြီး စနေ၊ တနင်္ဂနွေမှာ ဆေးစစ်သွားမှာဖြစ်သလို လာမယ့်တစ်ပတ်အတွင်းမှာ ပွဲထုတ်နိုင်ဖို့ စီစဉ်နေပါတယ်။

အာဆင်နယ်တို့ ချိတ်ဆက်နေခဲ့တဲ့ လာလီဂါကလပ် ဗယ်လာဒိုလစ်ရဲ့ လူငယ်ကြယ်ပွင့် အီဗန် ဖရက်စ်နီဒါကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး ယူရိုသန်း ၂၀ နဲ့ ကမ်းလှမ်းထားခဲ့ပါတယ်။ သူ့ရဲ့ အေးဂျင့်တွေအနေနဲ့ လာမယ့် ရက်ပိုင်းအတွင်းမှာ လန်ဒန်ကို လာရောက်ဖို့ ရှိနေပြီး သူတို့ရဲ့ ကစားသမားကို ရောင်းချနိုင်ဖို့ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

တိုက်စစ်မှာ အရေးပါတဲ့ ကစားသမားတွေဖြစ်ကြတဲ့ ဘူကာယို ဆာကာနဲ့ မာတီနယ်လီတို့အပြင် လူငယ်ခံစစ်မှူး ဆာလီဘာတို့ကို အမြန်ဆုံး သက်တမ်းတိုးသွားနိုင်ဖို့ အာဆင်နယ်တို့ ဆွေးနွေးနေပြီး တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းသိမ်းသွားနိုင်ဖို့ အစွမ်းကုန် လုပ်ဆောင်နေပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကစားပုံနဲ့ အံမဝင်တော့တဲ့ ဝါရင့်နောက်ခံလူ ဆီဒရစ် စ်ကို ဖူလ်ဟမ်အသင်းဆီ ရောင်းချနိုင်ဖို့ ကြိုးစားနေပြီး ကစားသမားဘက်ကလည်း သူ့ရဲ့ လစာငွေကို အမ်းမရိတ်မှာ ရရှိနေတာထက် လျှော့ယူဖွယ် ရှိနေခဲ့တာကြောင့် မကြာခင် အဆင်ပြေနိုင်ဖွယ်ရှိနေပါတယ်။

လေဗာကူဆင်အသင်းမှာ ခြေစွမ်းပြနေတဲ့ ပြင်သစ်တောင်ပံကစားသမား မူဆာ ဒီယာဘီကို ခေါ်ယူဖို့အတွက် အာဆင်နယ်တို့ ဆက်လက်ကြိုးစားနေခဲ့ပေမယ့် ထရော့ဆတ် ရောက်ရှိလာတဲ့အပြင် ဘူကာယို ဆာကာနဲ့အပြိုင် ပွဲထွက်နေရာပေးရမယ့် ကိစ္စကိုလည်း အာမခံနိုင်ခြင်း မရှိတာကြောင့် ဈေးနှုန်းမြင့်မားတဲ့ ၂၃ နှစ်သားကို နွေရာသီအထိ စောင့်ဆိုင်းသွားနိုင်ပါတယ်။