ရော်လ်နယ်ဒို ခေါ်ပြီးတဲ့နောက် မက်ဆီကိုလည်း ဆော်ဒီလိဂ်မှာ လာကစားစေချင်နေပါပြီ

ဆော်ဒီ အာရေဗျဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး အီဘရာဟင် အယ်လ်ကက်ဆင်းက လီယွန်နယ် မက်ဆီအနေနဲ့ ဆော်ဒီ ပရိုလိဂ်မှာ ကာလရှည်ပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ပြန်လည် ဆုံစည်းနိုင်တဲ့ အလားအလာကို ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးဟာ လက်ရှိမှာ ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၆ လ ထဲကို ရောက်ရှိနေသူဖြစ်ပြီး လိဂန်းကလပ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခြင်း မရှိသေးတာ ဖြစ်ပါတယ်။

ပြင်သစ်လိဂန်းချန်ပီယံတွေဟာ ကမ္ဘာ့ချန်ပီယံ ဘလွန်ဒေါ ၇ ဆုရှင်ကို ၂၀၂၂-၂၀၂၃ ရာသီထက်ကျော်လွန်ပြီး အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ချက်ချထားပေမယ့်လည်း ဘာစီလိုနာ၊ အင်တာမိုင်ယာမီတို့အပါအဝင် အခြားအသင်းတွေဆီကနေ စိတ်ဝင်စားမှုတွေ ရှိနေတာဖြစ်ပါတယ်။

မကြာသေးမီကမှ ဆော်ဒီ အာရေဗျအသင်းတွေဖြစ်တဲ့ အယ်လ် အစ်တီဟတ်နဲ့ အယ်လ် ဟီလာလ်တို့လို အသင်းတွေ ဆီကနေ စိတ်ဝင်စားမှုတွေ ရှိလာခဲ့တာဖြစ်ပြီး အယ်လ် ဟီလာလ်အသင်းက အာဂျင်တီးနားတိုက်စစ်မှူးကို တစ်နှစ်လုပ်ခလစာ ပေါင် ၂၄၅ သန်းနဲ့ ကြောက်မက်ဖွယ် စာချုပ်ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လီယွန်နယ် မက်ဆီသာ ဆော်ဒီ အာရေဗျကလပ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့မယ်ဆိုရင် ကာလရှည်ပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ဒို အယ်လ် နက်ဆာအသင်းမှာ ရရှိနေတဲ့ တစ်နှစ်လုပ်ခလစာ ပေါင် ၁၇၇ သန်းထက် များစွာ သာလွန်သွားမှာ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့မှုဟာ နိုင်ငံတဝှမ်းက ပရိသတ်တွေဆီကနေ အပေါင်းလက္ခဏာဆောင်တဲ့ တုံ့ပြန်မှုတွေ အများအပြား ရရှိခဲ့တဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်ခဲ့တာဖြစ်ပြီး လီယွန်နယ် မက်ဆီဟာ ၎င်းရဲ့ပြိုင်ဘက်ဟောင်းနဲ့ အရှေ့အလယ်ပိုင်းမှာ ပြန်လည်ဆုံစည်းနိုင်တယ်ဆိုတဲ့ အကောင်းမြင်မှုတွေလည်း ရှိလာနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆော်ဒီ အာရေဗျဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး အယ်လ်ကက်ဆင်းက ဒီလို မျှော်လင့်ချက်တွေကို ငြင်းပယ်သွားခဲ့ပေမယ့်လည်း ဆိုးရွားတဲ့အကြံအစည်မဟုတ်ဘူးလို့တော့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အခုအချိန်မှာ ကျွန်တော်တို့ လီယွန်နယ် မက်ဆီ ရောက်ရှိလာနိုင်ခြေနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ မသိသေးပါဘူး။ ဒါပေမယ့်လည်း ဆော်ဒီဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ယောက်အနေနဲ့ တစ်နေ့မှာ သူ့ကို ပြည်တွင်းလိဂ်မှာ ရှိစေချင်တယ်ဆိုတာကို ကျွန်တော် ဖုံးကွယ်မှာမဟုတ်ပါဘူး။

အဖွဲ့ချုပ်ရဲ့ အကြံအစည်ဟာ ကျွန်တော်တို့ရဲ့ ဘောလုံးကို အမြဲတမ်း တိုးတက်အောင်လုပ်ဆောင်ဖို့ဖြစ်ပြီး ကျွန်တော်တို့ ရော်နယ်လ်ဒိုနဲ့ မက်ဆီကို လိဂ်တစ်ခုတည်းမှာ နောက်ထပ်တစ်ကြိမ် မြင်ချင်တယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် အမှန်တရားကတော့ ကျွန်တော်တို့ အခုအချိန်မှာ ဘာမှ မသိသေးပါဘူး”လို့ပြောကြားခဲ့ပါတယ်။