ဂန်းနားသစ် ကီဗီယာ၊ ကြိုးစားနေဆဲ အီဒူး၊ တိုက်စစ်မှုး မခေါ်ဖို့ များသွားခြင်း၊ ကိုင်စီဒို၊ ဖရက်စ်နီဒါ တို့နဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ်အသင်းဟာ မနေ့က ခံစစ်ကစားသမားသစ် ယာကုဘ် ကီဗီယာကို အသင်းသားအဖြစ် တရားဝင် ကြေညာခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင် ၁၇.၅ သန်းနဲ့ ငါးနှစ်ခွဲစာချုပ် ချုပ်ဆိုသွားခဲ့ပါတယ်။

ကီဗီယာ က အငှားထွက်ကစားနေတဲ့ အိန်းစလီ မိတ်လန်း-နိုင်းလ်စ်ရဲ့ ကျောနံပါတ် ၁၅ ကို ဝတ်ဆင်မှာပါ။

အာဆင်နယ် တိုက်စစ်မှာ နကီးတီးယား ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးနေရာအတွက် တစ်လကနေ ငါးပတ်အတွင်း ဂါဘရီယယ်လ် ဂျေဆူးစ် ပြန်လာဖွယ်ရှိတယ်လို့ သတင်းထွက်နေတာကြောင့် ဈေးကွက်ထဲက တိုက်စစ်မှူးသစ်တွေနဲ့ အသံထွက်နေမှု အနည်းငယ် ငြိမ်သက်သွားပြီး အငှားတစ်ဦးဦးကိုပဲ ကာလတို အသုံးပြုဖို့အတွက် ရှာဖွေသွားဖွယ် ရှိနေပါပြီ။

အမှတ်လျှော့ခံခဲ့ရလို့ အကြပ်အတည်းတွေနဲ့ ကြုံတွေ့နေရတဲ့ ဂျူဗင်တပ်စ်အသင်းဆီက ကွင်းလယ်လူ ဝက်စ်တန် မက်ကင်နီကို ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်း (ပေါင် ၂၂ သန်း)နဲ့ ခေါ်ယူနိုင်ဖို့ အာဆင်နယ်က ဆွေးနွေးနေပါတယ်။

နည်းပြ ဖရန့်လမ်းပတ် အထုတ်ခံလိုက်ရအပြီး ဆောင်းရာသီမှာ ဘဏ္ဏာရေး ထိန်းညှိသွားဖွယ်ရှိနေတဲ့ အဲဗာတန် အသင်းဟာ ကွင်းလယ်လူ အာမာဒူ အိုနာနာအတွက် ကမ်းလှမ်းမှုတွေကို လက်ခံသွားဖွယ်ရှိနေပြီး အာဆင်နယ်၊ နယူးကာဆယ်၊ ချဲလ်ဆီးအသင်းတို့က အပြိုင် စိတ်ဝင်စားနေကြပါတယ်။

အာဆင်နယ်တို့ရဲ့ ဆောင်းရာသီ လူသစ်ခေါ်ယူမှုက မပြီးဆုံးသေးဘဲ နောက်ထပ် တောင်ပံ ကစားသမားတစ်ဦးနဲ့ ကွင်းလယ် ကစားသမားတစ်ဦးကို ထပ်မံခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့ပြီး အားကစားဒါရိုက်တာ အီဒူး ဂက်စ်ပါအနေနဲ့ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

ဗယ်လာဒိုလစ်အသင်းရဲ့ အစွန်နောက်ခံ လူငယ်ကစားသမား အီဗန် ဖရက်စ်နီဒါကို ခေါ်ယူဖို့ အာဆင်နယ် က ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်းနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့် ဒေါ့မွန်နဲ့ ယှဉ်ပြိုင်နေရပြီး ကစားသမားက အသင်း ရွေးချယ်မှာပါ။

ဘရိုက်တန်အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ကွင်းလယ်လူ ကိုင်စီဒိုက အေးဂျင့်အသစ်တွေကို ပြောင်းလဲလိုက်တာကြောင့် အနေအထားက ပိုမိုလှုပ်ခတ်လာခဲ့ပြီး ပေါင် ၇၅ သန်းအထိ ဈေးခေါ်ထားတဲ့ အီကွေဒေါသားကို အာဆင်နယ်တို့ ချဲလ်ဆီးနဲ့ အပြိုင် စိတ်ဝင်စားနေပြန်ပါတယ်။