ဇန်နဝါရီအပြောင်းအရွှေ့ကာလ ဥရောပရဲ့ အကောင်းဆုံး အပြောင်းအရွှေ့ ၅ ခု
အင်္ဂါနေ့ညမှာ ပိတ်သိမ်းခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်ဟာ ပရိသတ်တွေကို မထင်မှတ်ထားတဲ့ အလှည့် အပြောင်းတွေနဲ့ စိတ်လှုပ်ရှားစေခဲ့ပြီး ပုံမှန်အတိုင်းပဲ အင်္ဂလိပ်ကလပ်တွေဟာ ဇန်နဝါရီလမှာ အပြီးသတ် အပြောင်းအရွှေ့ ၅၂ ခုနဲ့ ယူရို ၈၈၄ သန်းကျော် အထိ သုံးစွဲပြီး ငွေသုံးကြမ်းပြခဲ့တာ ဖြစ်ပါတယ်။
ဒီ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်အတွင်းက အပြီးသတ်ရော အငှားနဲ့ အပြောင်းအရွှေ့တွေထဲက ဥရောပ အကောင်းဆုံး အပြောင်းအရွှေ့ ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။
၅။ မာဆယ် ဆဘစ်ဇာ(မန်ချက်စတာယူနိုက်တက်)

မန်ချက်စတာယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့မှာ ဘိုင်ယန်မြူးနစ်ကနေ မာဆယ် ဆဘစ်ဇာကို အငှားနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပြီး ဒီအပြောင်းအရွှေ့ဟာ အဲရစ်ဆင်ရဲ့ ခြေကျင်းဝတ်ဒဏ်ရာကို အတည်ပြုခဲ့ပြီးနောက် သိပ်မကြာခင်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။
ဒိန်းမတ်ကွင်းလယ်ကြယ်ပွင့်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ပွဲစဉ်တွေကို ဧပြီလနှောင်းပိုင်း သို့မဟုတ် မေလ အစောပိုင်းအထိ လွဲချော်တော့မှာဖြစ်ပြီး အဲရစ်ဆင်ဟာ ပွဲအရှိန် ထိန်းချုပ်မှု၊ တိုက်စစ်ကို ဘောလုံးသယ်ဆောင်မှုနဲ့ လစ်ဟာနေတဲ့ အရေးကြီးတဲ့နေရာတွေကို ရှာဖွေဖို့ တာဝန်ယူခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။
ဆဘစ်ဇာက ဒိန်းမတ်ကွင်းလယ်ကြယ်ပွင့်ရဲ့နေရာမှာ ဖြည့်ကစားနိုင်မှာဖြစ်ပြီး သြစတြီးယန်းကွင်းလယ်ကစားသမားဟာ ဘောလုံးဖြန့်ဝေရာမှာ အလွန်ကောင်းမွန်သလို တိုက်စစ်မှာ ခြိမ်းခြောက်မှုအများအပြားကိုလည်း ပြုလုပ်နိုင်သူဖြစ်ပါတယ်။
ဆဘစ်ဇာဟာ ဘိုင်ယန်မြူးနစ်မှာ ပွဲထွက်ခွင့် ပုံမှန်မရရှိခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်မှာ ၎င်းရဲ့ အစွမ်းအစကို သက်သေပြသချင်နေမှာဖြစ်ပြီး တန်ဟက်ရဲ့ အစီအစဉ်ထဲမှာ အံဝင်မယ်ဆိုရင် လာမယ့်နွေရာသီမှာ အပြီးသတ် ခေါ်ယူခြင်းခံရနိုင်ပါတယ်။
၄။ ဂျော်ဂျင်ညို(အာဆင်နယ်)
ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်အသင်းဟာ ဘရိုက်တန်ကွင်းလယ်ကြယ်ပွင့် ကိုင်ဆေဒိုကို ဇန်နဝါရီလတစ်လလုံး ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ်လည်း ကမ်းလှမ်းမှု ၂ ကြိမ်စလုံး ငြင်းပယ်ခံခဲ့ရပြီးနောက် ချဲလ်ဆီးကွင်းလယ်ကစားသမားကို ပေါင် ၁၂ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ဂျော်ဂျင်ညိုဟာ ဂန်းနားတွေနဲ့ ၁၈ လ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အီတလီကွင်းလယ်ကြယ်ပွင့်ဟာ ချဲလ်ဆီးနဲ့အတူ ယူရိုပါလိဂ်၊ ချန်ပီယံလိဂ်ဖလားတွေကို အနိုင်ရရှိခဲ့တဲ့ အတွေ့အကြုံရင့် ကစားသမားဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒူးဒဏ်ရာကြောင့် အယ်လ်နန်နီကို ဆုံးရှုံးခဲ့ရပြီးနောက် ပါတေးနေရာမှာ ဖြည့်ကစားနိုင်မယ့်သူ တစ်ယောက်မှ မရှိတော့တာကြောင့် ချဲလ်ဆီးကြယ်ပွင့်ဟာ ဂါနာကြယ်ပွင့်လိုမျိုး ရုပ်ပိုင်းဆိုင်ရာ အားကောင်းခြင်း မရှိပေမယ့်လည်း လိုအပ်တဲ့အချိန်မှာ ကျိန်းသေပေါက် ဖြည့်ကစားပေးနိုင်မှာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ ဂျော်ဂျင်ညိုဟာ လူစာရင်းကို မျိုးစုံ စမ်းသပ်ချင်တဲ့ အာတီတာအတွက် ပိုပြီး လုပ်သာကိုင်သာ ရှိလာစေမယ့်ကစားသမားဖြစ်ပါတယ်။
၃။ လီအန်ဒရို ထရော့ဆာ့ဒ်(အာဆင်နယ်)
ချဲလ်ဆီးအသင်းဆီ မာဒရစ်ခ်ကို ဆုံရှုံးခဲ့ရတဲ့ အာဆင်နယ်ဟာ ဘရိုက်တန်ကြယ်ပွင့် ထရော့ဆာ့ဒ်ကို အလျင်အမြန် ခေါ်ယူခဲ့ပြီး ပြောင်းရွှေ့ကြေးက ယူရို ၂၄ သန်းလောက်သာ ဖြစ်တာကြောင့် တော်တော်လေး ဈေးသက်သက်သာသာနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ ထရော့ဆာ့ဒ်ဟာ အာဆင်နယ်ရဲ့ ပထမဦးစားပေးဘယ်တောင်ပံကစားသမား မာတီနယ်လီရဲ့ နေရာကို လုယူနိုင်တဲ့ အရည်အချင်းတွေ အားလုံးပိုင်ဆိုင်ထားပြီး ပိတ်ဆို့မှုတွေမှာ လျင်မြန်သလို အသင်းဖော်တွေနဲ့လည်း ကောင်းကောင်း ပေါင်းစပ်ကစားနိုင်တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာနိုင်ခြေရှိတဲ့အသင်းတိုင်းဟာ အရည်အသွေးရှိတဲ့ လူစာရင်းလိုအပ်ပြီး ထရော့ဆာ့ဒ်ကို ခေါ်ယူခဲ့မှုက ဒီရာသီ အာဆင်နယ်ရဲ့ ရည်မှန်းချက်တွေအတွက် သက်သေတစ်ခု ဖြစ်ခဲ့ပါတယ်။
၂။ အန်ဇို ဖာနန်ဒက်ဇ်(ချဲလ်ဆီး)

အချိန်အတော်ကြာ ဆွေးနွေးညှိနှိုင်းမှုတွေ အပြီးမှာ ချဲလ်ဆီးအသင်းဟာ နောက်ဆုံးမှာတော့ ဘင်ဖီကာအသင်းကို ၎င်းတို့ရဲ့ ကွင်းလယ်ကြယ်ပွင့် အန်ဇို ဖာနန်ဒက်ဇ်ကို အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ထွက်ခွာခွင့်ပြုအောင် စည်းရုံးနိုင်ခဲ့တာဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဟာ ချဲလ်ဆီးအသင်းကို ပရီးမီးယားလိဂ်သမိုင်းမှာ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်လာတဲ့ ယူရို ၁၂၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် အာဂျင်တီးနားကွင်းလယ်လူဟာ လက်ရှိမှာတော့ အနောက်လန်ဒန်အသင်းနဲ့ ၂၀၃၁ ခုနှစ် ဇွန်လအထိ ရှိနေမယ့် စာချုပ်ကို ချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်။ ဖာနန်ဒက်ဇ်ဟာ ချဲလ်ဆီးအသင်းမှာ အောင်မြင်ဖို့အတွက် လိုအပ်တဲ့အရည်အသွေးတွေအားလုံးရှိပြီး နေရာစုံကစားနိုင်သလို ဂိုးပေါက်ကန်သွင်းရတာကို နှစ်သက်တဲ့ ကစားသမားဖြစ်ပါတယ်။
ဘင်ဖီကာကြယ်ပွင့်ဟောင်းဟာ အလွန်ကောင်းမွန်တဲ့ ဘောလုံးပေးပို့နိုင်စွမ်း၊ ပွဲကို ထူးထူးခြားခြား ဖတ်နိုင်စွမ်း၊ မထင်မှတ်တဲ့ ပေးပို့မှုတွေနဲ့ ပြိုင်ဘက်ခံစစ်တွေကို ပွင့်သွားအောင် လုပ်နိုင်စွမ်းရှိသူဖြစ်ပါတယ်။ ၂၀၂၂-၂၀၂၃ ရာသီ ပထမပိုင်းမှာ ဘင်ဖီကာအသင်းအတွက် အန်ဇို ဖာနန်ဒက်ဇ်ဟာ ၂၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
၁။ ဂျာအို ကန်ဆယ်လို(ဘိုင်ယန်မြူးနစ်)
ကမ္ဘာပေါ်က အကောင်းဆုံးနောက်ခံတောင်ပံကစားသမားတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံခဲ့ရတဲ့ ကန်ဆယ်လိုဟာ မန်စီးတီးကနေ ဘိုင်ယန်မြူနစ်ကို အငှားနဲ့ ပြောင်းရွှေ့ပြီး တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီကြယ်ပွင့်ရဲ့ အငှားစာချုပ်ထဲမှာ ယူရိုသန်း ၇၀ နဲ့ အပြီးသတ်ဝယ်ယူခွင့်လည်း ပါဝင်ပေမယ့်လည်း မဖြစ်မနေ ဝယ်ယူရမှာတော့မဟုတ်ဘူးလို့ သိရပါတယ်။ သတင်းရင်းမြစ်အများအပြားရဲ့ ပြောကြားချက်အရ ကန်ဆယ်လိုရဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ၊ ၎င်းရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ ဆိုးရွားတဲ့ ဆက်ဆံရေးကြောင့် အစ်တီဟတ်ကို အံ့အားသင့်ဖွယ် စွန့်ခွာခဲ့တာဖြစ်တယ်လို့ သိရပြီး ပေါ်တူဂီကြယ်ပွင့်ဟာ နောက်ခံတောင်ပံ ၂ ဖက်စလုံးမှာ ကစားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ ဂျူဗင်တပ်ကြယ်ပွင့်ဟောင်းဟာ အလွန်ကောင်းမွန်တဲ့ ဖြတ်တင်ပေးပို့မှုတွေ ပြုလုပ်နိုင်သူဖြစ်ပြီး ချီးကျူးစရာကောင်းတဲ့ ဘောလုံးအမြင်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
ယူလီယန် နာဂယ်စ်မန်းသာ ၎င်းရဲ့ ကစားကွက်ထဲမှာ ကန်ဆယ်လိုကို အံဝင်အောင်လုပ်နိုင်မယ်ဆိုရင် ပေါ်တူဂီ နောက်ခံလူဟာ ယခုရာသီရဲ့ အကောင်းဆုံးအပြောင်းအရွှေ့တွေထဲက တစ်ခုဆိုတာကို သက်သေပြသနိုင်မှာဖြစ်ပါတယ်။ ကန်ဆယ်လိုဟာ ၂၀၂၂-၂၀၂၃ ရာသီပထမပိုင်းမှာ မန်စီးတီးအတွက် ၂၆ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။