ဖောရက်စ်ကို အေးဆေး ချေမှုန်းပြီး ကာရာဘောင်း ဗိုလ်လုပွဲ တက်သွားတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက နော့တင်ဟမ်ဖောရက်စ် အသင်းနဲ့ ကာရာဘောင်း ဆီမီးဖိုင်နယ်ပွဲ ဒုတိယကျော့ ကစားရာ ၂-ဝ နဲ့ အနိုင်ရသွားပါတယ်။

ဒီပွဲမှာ ဂိုးသမား ဟီတန်၊ ခံစစ်မှာ ဗာရွန်း၊ လီဆန်ဒရို မာတီနက်ဇ်၊ လုခ်ရှောနဲ့ ဝန်ဘစ်ဆာကာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ ဖရက်ဒ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ဂါနာချိုနဲ့ ဗက်ဂ်ဟော့စ်တို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ယူနိုက်တက်တို့အနေနဲ့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကို စိုးမိုးကစားသွားခဲ့ကြပြီး ဖောရက်စ်တို့ရဲ့ ခံစစ်ကို ဂါနာချိုနဲ့အဖွဲ့ မကျော်နိုင်ခဲ့သလို ဝီလီယမ်စ်ရဲ့ လက်ထိဘောက ပင်နယ်တီဖြစ်နိုင်တာကိုလည်း မျက်ကွယ်ပြုခံခဲ့ရလို့ စိတ်ပျက်ခဲ့ရပြီး ဗာရွန်းရဲ့ ခေါင်းတိုက်ချက်လည်း ဂိုးသမား ဟင်နက်ဆီရဲ့ ခြေထောက်တည့်တည့်ကို တိုက်မိခဲ့လို့ လေးလံနေတဲ့ ဝေးလ်စ်ဂိုးသမား ကံကောင်းသွားခဲ့တာပါ။

ဂါနာချိုရဲ့ ဖန်တီးမှုတွေက အန်တိုနီနဲ့ ဗက်ဂ်ဟော့စ်တို့အတွက် ဘာမှ အကျိုးမပြုခဲ့သလို ဖောရက်စ်ဘက်က လွတ်ထွက် လာတဲ့ ဂျွန်ဆန်ရဲ့ ကန်ချက်ကိုတော့ ဂိုးသမား ဟီတန် ကာကွယ်သွားနိုင်ခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ ဒင်းနစ်က အပိုင်အခွင့်အရေးကို ဆာရစ်ချ်တည့်တည့်က ကန်ခဲ့တာကြောင့် ကိုယ့်လူနဲ့ကိုယ် ဖုန်ရှူခဲ့ရပါတယ်။

နာကျင်အချိန်ပိုမှာ ဗက်ဂ်ဟော့စ်ရဲ့ ခေါင်းတိုက်ချက်က တိုင်ထိထွက်ခဲ့တာကြောင့် ယူနိုက်တက်တို့ အဖွင့်ဂိုးနဲ့ လွဲခဲ့ရပြန်ပြီး ပထမပိုင်းမှာတော့ ဂိုးမရှိသရေပဲဖြစ်နေခဲ့သလို အိမ်ရှင်နည်းပြ တန်ဟတ်အတွက်တော့ စိတ်ပျက်စရာ ဖြစ်ခဲ့ရပြီး သူ့အနေနဲ့ ရက်ရှ်ဖို့ဒ်ကို အနားပေးတိုင်း အဆင်မပြေခဲ့တာက ဒီရာသီမှာ ဖြေရှင်းဖို့ ခက်တဲ့ ပြဿနာလည်း ဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ယူနိုက်တက်တို့ပဲ ဖိကစားနေခဲ့ပြီး ဖောရက်စ်တို့ကတော့ သုံးဂိုးရှုံးထားတာဖြစ်လို့ ကောင်တာတွေကနေ ဂိုးပြန်ရဖို့ ကြိုးစားနေခဲ့ပေမယ့် အိုးလ်ထရက်ဖို့ဒ်ရဲ့ ဖိအားမှာ မျောပါနေခဲ့ကြသလို ပွဲချိန် မိနစ် ၆၀ ကျော်မှာတော့ အိမ်ရှင်တွေဘက်က ဂါနာချို၊ ဗက်ဂ်ဟော့စ်၊ အန်တိုနီတို့အစား ရက်ရှ်ဖို့ဒ်၊ မာစီယယ်လ်နဲ့ ဆန်ချိုတို့ ဝင်ကစားခဲ့ကြချိန်မှာ ဧည့်သည်တွေဘက်ကတော့ ဖရွိုင်လာ၊ ဂျွန်ဆန်နဲ့ ရီနန် လိုဒီတို့အစား ဒါနီလို၊ မိုက်တင်နဲ့ အူရီယေးတို့ကို အပြောင်းအလဲလုပ်လာခဲ့ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာတော့ ယူနိုက်တက်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်က လူပေးမှားရာကနေ ကာစီမီရို ဖြတ်ယူပြီး ထိုးပေးခဲ့တာကို မာစီယယ်လ်နဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ တွဲလုံးကနေ ရက်ရှ်ဖို့ဒ်က ကန်သွင်းခဲ့ရာမှာ ဖောရက်စ်ခံစစ်နဲ့ထိပြီး လည်ထွက်လာတာကို မာစီယယ်လ်က အနီးကပ် ကန်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်နိုင်ခဲ့တာပါ။

သုံးမိနစ်အကြာ ပွဲချိန် ၇၆ မိနစ်မှာတော့ ယူနိုက်တက်တို့ပဲ အနိုင်ပြတ်သားစေမယ့် ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဆန်ချို ပေးတာကို ညာခြမ်းက ဘရူနို ဖာနန်ဒက်စ်က အဝေးတိုင်ဘက်ကို ဖြတ်တင်ပေးရာမှာ ရက်ရှ်ဖို့ဒ်က မနားတမ်း ပြေးလိုက်ပြီး ဂိုးရှေ့ကို ပြန်ချိုးပေးခဲ့တာကို ဖရက်ဒ်က လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်း ယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာယူနိုက်တက်တို့က နော့တင်ဟမ် ဖောရက်စ်တို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံခဲ့ကြပြီး နှစ်ကျော့ပေါင်း ငါးဂိုး-ဂိုးမရှိ ရလဒ်နဲ့ ကာရာဘောင်းဖလားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ကြသလို လာမယ့် ပွဲစဉ်မှာတော့ တစ်ဖက်က ဆောက်သမ်တန်အသင်းကို အနိုင်ယူပြီး တက်ရောက်လာခဲ့တဲ့ နယူးကာဆယ်လ်တို့နဲ့ ဗိုလ်လုရတော့မှာ ဖြစ်ပါတယ်။