မန်ယူ နိုင်ပွဲ ဆက်ပြီး လီဗာပူးကလွဲ ကျန်အသင်းကြီးတွေလည်း အခြေအနေကောင်းမယ် ဆိုတဲ့ ခရစ်ဆက်တန် ရဲ့ သုံးသပ် ခန့်မှန်းချက်
ဒီတစ်ပတ်ပရီးမီးယားလိဂ် ပွဲတွေ အတွက် ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်ရဲ့ သုံးသပ် ခန့်မှန်းချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။
ချယ်ဆီး Vs ဖူလ်ဟမ်
ချယ်ဆီး ကစားသမားသစ် ဂျာအိုဖိလစ်က သူ့ ပွဲဦးထွက်မှာ ထုတ်ပယ်ခံခဲ့ရပြီး ဖူလ်ဟမ်က ၂-၁ နဲ့ နိုင်ခဲ့ပါတယ်။ချယ်ဆီးက ပေါင် ၁ဝ၇ သန်းတန် အန်ဇို ဖာနန်ဒက်စ် အပါအဝင် သူတို့ ခေါ်ထားတဲ့ ကစားသမားအသစ်တွေနဲ့ ဘယ်လို ကစားကွက် ထွက်လာမလဲ ဆိုတာ ဘယ်သူကမှတော့ သိနိုင်မှာ မဟုတ်ဘူး။
ဖူလ်ဟမ်က နောက်ဆုံး ကစားထားတဲ့ လိဂ်ပွဲ ၂ ပွဲ ရှုံးထားတယ်။ ကစားတာက မဆိုးပေမယ့် အထိုင်ကျပြီးသား အသင်း ဖြစ်တဲ့ သူတို့က ဘောလုံးကို ပို သွက်သွက် ကစားနိုင်သင့်တယ်။
ခန့်မှန်းရလဒ် – ချယ်ဆီး 2-1 ဖူလ်ဟမ်

အဲဗာတန် Vs အာဆင်နယ်
အာဆင်နယ်က မန်စီးတီးနဲ့ အက်ဖ်အေပွဲမှာ ကစားသမား တချို့ အနားပေးခဲ့ပြီး ဒီအတွက် အရှုံးလည်း ခံခဲ့ရပါတယ်။ ဒါပေမယ့် အီတီဟက်မှာ သူတို့ ကစားတာ အတော်လေး ကောင်းခဲ့ပါတယ်။ အဲဗာတန်ရဲ့ အားထုတ်မှုတွေ မြင်ရမှာ ဆိုပေမယ့် အနိုင် မပြောနဲ့ သရေတောင် ရမယ်လို့တော့ ကျွန်တော် မထင်ပါဘူး။
အာဆင်နယ်က သူတို့အတွက် သိပ်ကောင်းလွန်းတဲ့ ပြိုင်ဘက် ဖြစ်နေတယ်။
ခန့်မှန်းရလဒ် – အဲဗာတန် 0 – 2 အာဆင်နယ်
မန်ချက်စတာ ယူနိုက်တက် Vs ပဲလေ့စ်
အခုက ပဲလေ့စ် အတွက် ပို ခက်မယ့် ပွဲပါ။ အိုးထရက်ဖို့ဒ်မှာ ကစားရတာတင် မဟုတ်ဘဲ ယူနိုက်တက်က ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ပွဲဆက် အနိုင်ရထားပါတယ်။
ဇာဟာကလည်း ဒဏ်ရာ ရနေတယ်။ ဒီရာသီက သူ့ရဲ့ အကောင်းဆုံး ရာသီ မဟုတ်သည့်တိုင် ပက်ထရစ် ဗီအဲရာ အသင်း အတွက်တော့ ဇာဟာ မပါနိုင်တာ ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်နေဆဲပါပဲ။
ခန့်မှန်းရလဒ် – ယူနိုက်တက် 2 – 0 ပဲလေ့စ်

ဝုဗ် Vs လီဗာပူး
လီဗာပူးက စိုးရိမ်စရာ စွမ်းဆောင်ရည် အဆင့်ကို ရောက်နေပေမယ့် နည်းပြကလော့ပ်က ရှုံးပွဲတွေ အများကြီးကို လက်ခံသွားမယ်လို့ မထင်ပါဘူး။
အရင်လတုန်းက အက်ဖ်အေပွဲမှာ လီဗာပူးက ဝုဗ်ကို အနိုင်ယူခဲ့တယ်။ ဒါပေမယ့် VAR အမှားကြောင့် ပထမအကျော့ကို အရေးမနိမ့်ခဲ့တာပါ။ နှစ်သင်းလုံးက အခွင့်အရေးတွေ ရခဲ့ပေမယ့် ဒီပွဲ ဘယ်လိုဖြစ်လာမလဲ မှန်းရ ခက်ခဲပါတယ်။
လီဗာပူးရဲ့ ရလဒ် ဆိုးနေမှုတွေ ဆက်ရှိနေမယ်လို့ ယူဆဖို့က လွယ်ပါတယ်။ ဝုဗ်တို့ ဂိုးသွင်းနိုင်မယ်လို့လည်း မယုံဘူး။ ဒါကြောင့် သရေပွဲ ဖြစ်သွားပါလိမ့်မယ်။
ခန့်မှန်းရလဒ် – ဝုဗ် 0- 0 လီဗာပူး
စပါး Vs မန်စီးတီး
ကန်ဆယ်လိုဟာ မန်စီးတီးတို့ ဒီနှစ်ရာသီလောက်အတွင်း အောင်မြင်နေခြင်းရဲ့ အဓိက ကျသူ တစ်ဦးအဖြစ် ပါဝင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ရှင်းရှင်းလင်းလင်း ဖြစ်သွားတာက ဂွာဒီယိုလာဟာ သူ့ကို ထွက်ခွာခွင့် ပေးခဲ့ပေမယ့် အစားထိုးမှုလည်း ပြန်မလုပ်ထားပါဘူး။ ဒါက ကြီးမားတဲ့ လှုပ်ရှားမှုပါပဲ။
ဒီအခြေအနေက စပါးအတွက် မန်စီးတီးကို ရင်ဆိုင်ဖို့ အချိန်ကောင်းဖြစ်ပါတယ်။ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ သွင်းဂိုးနဲ့အတူ ဆွန်ဟောင်မင် ပြန်လာနိုင်နေတာကလည်း သူတို့အတွက် ခွန်အားပါပဲ။
ခန့်မှန်းရလဒ် – စပါး 1- 3 မန်စီးတီး