၁၂ မိနစ် အတွင်း ၂ဂိုးပေး၊ ပွဲဆက် ဂိုးပြတ်ရှုံးနေတဲ့ လီဗာပူးကြောင့် ကလော့ပ် ထွက်သွားဖို့ ပရိသတ်တွေ တောင်းဆို

လီဗာပူးလ်ပရိသတ်တွေဟာ ဝုလ်ဗ်စ်အသင်းကို ၁၂ မိနစ်တွင်း ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့ပြီးနောက် နည်းပြ ယာဂန် ကလော့ပ်ကို နောက်ဆုံးမှာ စတင်တိုက်ခိုက်လာကြပြီ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ နည်းပြ ကလော့ပ်လက်အောက်မှာ စိန်ခေါ်မှု အပြင်းထန်ဆုံး ကာလကို ဖြတ်သန်းနေရတာ ဖြစ်ကောင်း ဖြစ်နိုင်ပြီး ပြီးခဲ့တဲ့ရာသီက ဆုဖလား ၄ လုံးတပြိုင်နက် စိန်ခေါ်ခဲ့ပြီးနောက် ယခုရာသီအမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ပြည်တွင်းဖလားပြိုင်ပွဲ ၂ ခုစလုံးမှာ ဗိုလ်စွဲခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ကာရာဘောင်းနဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေကနေလည်း ထွက်ခွာခဲ့ရပြီးဖြစ်ပါတယ်။

လီဗာပူးလ်ဟာ အဲဗာတန်အသင်းက အာဆင်နယ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း မိုလီနာကွင်းကို သွားရောက်ပြီး ဝုလ်ဗ်စ်အသင်းနဲ့ တွေ့ဆုံ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးလ်အသင်းအတွက် အရာအားလုံးက အကောင်းဆုံးစတင်မှု မဖြစ်ခဲ့ဘဲ ၅ မိနစ်မှာပဲ ဝုလ်ဗ်စ်တိုက်စစ်မှူး ဟွမ်ဟီးချန်းက မာတစ်ပ်ကို ကျော်ဖြတ်ပြီး ပင်နယ်တီဧရိယာထဲကို ဘောလုံးချိုးပေးဖို့ ကြိုးပမ်းခဲ့ရာမှာ ကြားဝင်ဖျက်ထုတ်ဖို့ ကြိုးပမ်းခဲ့တဲ့ လီဗာပူးလ်နောက်ခံလူရဲ့ ခြေထောက်နဲ့ထိပြီး ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တာကြောင့် အိမ်ရှင် ဝုလ်ဗ်စ်က ဦးဆောင်ဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဝုလ်ဗ်စ်အသင်းဟာ နောက်ထပ် ၇ မိနစ်အကြာမှာပဲ ဒုတိယမြောက်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့တာဖြစ်ပြီး ခရိတ်ဂျ် ဒေါ်ဆင်က ကိုဒီ ဂက်ခ်ပိုက မက်စ် ကေးလ်မန်းရဲ့ ခေါင်းတိုက်ချက်ကို ပိတ်ဆို့ကာကွယ်နိုင်ခဲ့ပြီးနောက် ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ပရိသတ်တွေဟာ ယခုနှစ် အသင်းရဲ့ဆိုးရွားတဲ့ ခြေစွမ်းကြောင့် ယာဂန် ကလော့ပ်ဟာ ဖိအားတွေရောက်မှာ ရှိနေမယ်လို့ ယုံကြည်နေကြပါတယ်။

ပရိသတ်တစ်ဦးက “ဒီကစားသမားတွေထဲက တစ်ယောက်မှ ကလော့ပ်အတွက် မကစားပေးတော့ဘူး။ လူတွေ ဝန်ခံချင်သည်ဖြစ်စေ၊ မဝန်ခံချင်သည်ဖြစ်စေ မေးခွန်းတွေက မေးဖို့ လိုအပ်တယ်။ တခြားဘယ်နည်းပြမှ ကလော့ပ်လိုမျိုး လွတ်လွတ်လပ်လပ် ဘောလုံးပေးပို့မှုတွေ ခွင့်ပြုမှာမဟုတ်ဘူး”လို့ ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ကလော့ပ် ထွက်။ ဒါကို ပြောရတာ စိတ်မကောင်းပေမယ့်လည်း ဒီလိုဖြစ်တာကို ခွင့်မလွှတ်နိုင်ဘူး”လို့ မှတ်ချက်ပေးခဲ့ပါတယ်။