အမှုတွေက လွတ်လာပေမယ့် မန်ယူအသင်းဖော်တွေဆီက ထင်မထားတဲ့ တုန့်ပြန်မှု ဂရင်းဝုဒ် ရရှိနေ

မန်ချက်စတာယူနိုက်တက်အသင်း တိုက်စစ်မှူး ဂရင်းဝုဒ်တစ်ယောက် အမှုမှ လွတ်ကင်းခဲ့ကာ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ပြီဖြစ်ပေမယ့် အသင်းဖော် အများအပြားကတော့ နွေးထွေးစွာ မကြိုဆိုလိုကြပါဘူး။

မန်ယူအသင်းသား အများစုက ၎င်းတို့အသင်းရဲ့ လက်ရှိပုံစံကောင်း ပျောက်ဆုံးသွားမှာကို စိုးရိမ်နေတာကြောင့် ဂရင်းဝုဒ် ပြန်လာမှာကို အလိုမရှိ ဖြစ်နေကြပါတယ်။

တရားရုံးက ဂရင်းဝုဒ်ကို အမှုမှ ကင်းလွတ်ခွင့်ပေးခဲ့ပြီဖြစ်ပေမယ့် အသင်းဘက်ကတော့ ဂရင်းဝုဒ်ကို ပြန်လည် အသုံးပြု၊ မပြုဆိုတာကို ယခုအချိန်အထိ အတိအကျ သတင်းမထုတ်ပြန်သေးပဲ ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားဦးမှာ ဖြစ်တယ်ဆိုပြီး သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီး အသင်းပုံရိပ်ကျဆင်းမှာကို စိုးရိမ်နေကြတဲ့ ဘုတ်အဖွဲ့ဝင် အချို့လည်း ရှိနေတာကြောင့် ဂရင်းဝုဒ်တစ်ယောက် အသင်းထံ ပြန်လာဖို့ ယခုအချိန်အထိ နှောင့်နှေးနေတာဖြစ်နိုင်ပြီး ဂရင်းဝုဒ်နဲ့ စာချုပ် ဖျက်သိမ်းလိုက်တဲ့ အနေအထားအထိတောင် ဖြစ်လာနိုင်ကြောင်း သတင်းများအရ သိရပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအစကတည်းက ယခုအချိန်အထိ ရှုံးပွဲတစ်ပွဲသာ ကြုံတွေ့ထားရပြီး ရိုနယ်ဒို မရှိတော့တဲ့နောက်ပိုင်း တန်ဟတ် လက်အောက် အသင်းက ပြန်လည် ရုန်းထလာနိုင်ခဲ့တာပါ။

အဲ့တာကြောင့် အသင်းရှိ ကစားသမားအတော်များများက လက်ရှိ လူစာရင်း အခင်းအကျင်းနဲ့သာ ရှေ့ဆက်လိုနေကြပြီး ဂရင်းဝုဒ်နဲ့တော့ လက်တွဲဖို့ တွန့်ဆုတ်နေကြတာ ဖြစ်ပါတယ်။