ကတ်စ်မဲရိုး အနီကတ်ကို အယူခံဝင်သင့်၊ မဝင်သင့် စဉ်းစားရခက် ခေါင်းကိုက်နေတဲ့ နည်းပြ တန်ဟက်

မန်ချက်စတာ ယူနိုက်တက် ဝါရင့်ကွင်းလယ်လူ ကတ်စ်မဲရိုးဟာ လိဂ်ဖလားဗိုလ်လုပွဲကို မထင်မှတ်ဘဲ လွဲချော်မယ့် အနေအထားနဲ့ ရင်ဆိုင်နေရပါတယ်။

အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ ဘရာဇီးလ် လက်ရွေးစင်ကစားသမား ကတ်စ်မဲရိုးဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ပြိုင်ဘက် ကွင်းလယ်လူ ဝီလ်ဟုချ်ကို လည်ပင်းညှစ်ခဲ့တဲ့အတွက် ကွင်းလယ်ဒိုင် မာရင်နာက VAR ကြည့်ပြီးတော့ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။

အဲဒီအနီကတ်ကြောင့် ကတ်စ်မဲရိုးဟာ ယူနိုက်တက်အသင်းရဲ့ လာမယ့်ပရီးမီးယားလိဂ်(၃)ပွဲကို လွဲချော်မှာဖြစ်ပြီး အခု တစ်ပတ်အတွင်း ကစားမယ့် လိဒ်စ်အသင်းနဲ့ အိမ်ကွင်း၊ အဝေးကွင်းပွဲ၊ လာမယ့်ဖေဖော်ဝါရီ (၁၉)ရက်ကျရင် လက်စတာ နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲတွေမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ကတ်စ်မဲရိုးအနေနဲ့ နောက်တစ်ပတ် ကြာသပတေးနေ့မှာ ဘာစီလိုနာနဲ့ကစားမယ့် ယူရိုပါလိဂ်ပွဲ၊ ဖေဖော်ဝါရီ(၂၆)ရက်မှာ လိဂ်ဖလား ဗိုလ်လုပွဲ အဖြစ် နယူးကာဆယ်နဲ့ကစားမယ့်ပွဲတွေမှာ ပါဝင်ကစားဖို့ရှိပါတယ်။

ဒါပေမဲ့လည်း ယူနိုက်တက်အသင်းသာ ကတ်စ်မဲရိုးရဲ့ အနီကတ်အတွက် အယူခံဝင်မယ်ဆိုရင် လိဂ်ဖလားဗိုလ်လုပွဲကို ကတ်စ်မဲရိုး မထင်မှတ်ဘဲ လွဲချော်မယ့်အနေအထားရှိနေပါပြီ။

နည်းပြ အဲရစ်တန်ဟက်က ကတ်စ်မဲရိုးရဲ့ အနီကတ်နဲ့ပတ်သက်ပြီး အယူခံဝင်ဖို့ ရှိ၊ မရှိကို အလေးအနက်ထား စဉ်းစားနေတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အယူခံအောင်သွားရင်တော့ အသင်းအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးရလာနိုင်ပေမယ့် FA ရဲ့ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့က အယူခံကို ပယ်ချမယ်ဆိုရင် နောက်ထပ် တစ်ပွဲပယ် ပြစ်ဒဏ် ကျခံရမှာ ဖြစ်တာကြောင့် နယူးကာဆယ်နဲ့ ကစားမယ့် လိဂ်ဖလား ဗိုလ်လုပွဲကို လွဲချော်မှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်း ဂန္ထဝင်နောက်ခံလူ ဂယ်ရီနဗီးလ်က အန္တရာယ်များတဲ့ အနေအထားကြောင့် ယူနိုက်တက် အသင်း အနေနဲ့ ကတ်စ်မဲရိုးရဲ့ အနီကတ် ပြစ်ဒဏ် အပေါ် အယူခံ ဝင်သွားဖို့ မရှိဘူးလို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။