မန်ချက်စတာ ယူနိုက်တက် က ရာသီကုန်ရင် ပရီးမီးယားလိဂ်မှာ ဘယ်အဆင့် ရမလဲ ဖာဒီနန် ခန့်မှန်း

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်နောက်ခံလူကြီး ရီယိုဖာဒီနန်က သူရဲ့အသင်းဟောင်းဟာ ရာသီကုန် ပရီးမီးယားလိဂ် မှာ ဘယ်လို ရပ်တည်နေနိုင်မလဲ ခန့်မှန်းသွားခဲ့ပါတယ်။

သရဲနီတွေဟာ လက်ရှိမှာ စတုတ္ထနေရာက နယူးကာဆယ်၊ အဆင့်ငါးနေရာက ကွန်တီရဲ့တော့တင်ဟမ်တို့ကို သုံးမှတ်ဖြတ်ပြီး အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာမှာ ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ မန်ယူဟာ ယူရိုပါလိဂ်ဝင်ခွင့် တစ်နေရာအတွက်တောင် ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အထိ ခက်ခက်ခဲခဲ တိုက်ပွဲဝင်ခဲ့ရပြီး ကံကောင်းလို့ အဆင့်ခြောက်နေရာကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီမှာတော့ တန်ဟက် ဦးဆောင်တဲ့ မန်ယူဟာ သင်တောင့်သက်သာနဲ့ပဲ ထိပ်သီးလေးသင်း စာရင်းဝင်လိမ့်မယ်လို့ ဖာဒီနန်က ယုံကြည်နေပါတယ် ။

” လက်ရှိယူနိုက်တက်ဟာ ရာသီကုန်မှာ ထိပ်သီး‌လေးသင်း စာရင်းဝင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားစရာ မလိုဘူးလို့ ကျွန်တော်ထင်တယ်ဗျ ။ အခြားအသင်းတွေက‌ ယူနိုက်တက်လောက် တည်ငြိမ်တဲ့ပုံစံ မပြထားနိုင်ဘူး ။ အဲ့ဒီအချိန်မှာ ယူနိုက်တက်က ရမှတ်တွေကို ရသလောက် စုဆောင်းနေခဲ့ပါတယ် ”

” အာဆင်နယ် ၊ မန်စီးတီးတို့နဲ့တော့ နည်းနည်း အမှတ်ကွာနေသေးပါတယ် ။ ဒါပေမယ့် ယူနိုက်တက်ဟာ ဒီရာသီမှာ အနည်းဆုံး အဆင့်၃နေရာမှာ ရပ်တည်နေမယ်လို့ ကျွန်တော် မြင်နေပါတယ် ။ ထိပ်သီးလေးသင်းစာရင်းမှာ အပိုင်တစ်နေရာရအောင် ယူနိုက်တက်ဟာ တကယ်ကို ကြိုးစားပြနေပါတယ် ” လို့ ဖာဒီနန်က ဆိုပါတယ် ။

ဒီရာသီမှာ လီဗာပူးလ် ၊ ချဲလ်ဆီးတို့ဟာ ရလဒ်ကောင်းတွေရဖို့ ရုန်းကန်နေရပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယူနိုက်တက်ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးပါဘူး ။

ယူနိုက်တက်ရဲ့ အထက်မှာ ရှိနေတဲ့ အာဆင်နယ် နဲ့ မန်ချက်စတာစီးတီး တို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရှုံးပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး တန်ဟက် နဲ့ သရဲနီတွေကတော့ ခရစ္စတယ်ပဲလေ့စ်ကို (၂-၁)နဲ့ အနိုင်ရခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာကို သေချာပေါက် သိမ်းပိုက်သွားနိုင်ဖို့ ရှိနေသလို ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းကြောင်းမှာလည်း ရှိနေပါတယ် ။ လက်ရှိမှာတော့ အမှတ်ပေးဇယား အဆင့်တစ်နေရာက အာဆင်နယ်နဲ့ ၈မှတ် ၊ အဆင့်နှစ်နေရာက မန်စီးတီးနဲ့ ၄မှတ်ကွာဟနေပါတယ် ။

ယူနိုက်တက်ဟာ ဒီရာသီ အဲရစ်တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ပုံစံကောင်းတွေ ပြသထားပြီး နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ၂၅ပွဲမှာ ၂ပွဲသာ ရှုံးနိမ့်ထားခဲ့ပါတယ် ။ ဒီလကုန်မှာလည်း ကာရာဘောင်ဖလားဖိုင်နယ်မှာ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပြီး သရဲနီတွေဟာ ဆုဖလားတစ်လုံး ရယူနိုင်ဖို့ အခြေအနေကောင်းနေပါတယ် ။