အမ်ဘာပေ ကို အာဆင်နယ် ခေါ်ယူနိုင်လုနီးပါး ရှိခဲ့ပြီးမှ လက်လွှတ်ခဲ့ရကြောင်း ထွက်ပေါ်လာ
အာဆင်နယ် အသင်းရဲ့ ကင်းထောက်ဟောင်း Gilles Grimandi က The Sun နဲ့ အင်တာဗျူးမှာ အမ်ဘာပေ ကို ခေါ်ယူဖို့ နီးစပ် ခဲ့ပြီးခါမှ လက်လွှတ် ခဲ့ရတဲ့ အကြောင်းအရင်းကို ပြောကြား လာခဲ့ပါတယ်။
ပြင်သစ်ကြယ်ပွင့် အမ်ဘာပေ ဟာ ၂၀၁၈ ခုနှစ်မှာ မိုနာကို အသင်း ကနေ ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့ကြေး ယူရို သန်း ၁၈၀ နဲ့ ပြောင်းရွှေ့ ကစားခဲ့သူပါ ။ ခုချိန်မှာတော့ နောင်တချိန် GOAT ဖြစ်လာမယ့်သူ လို့ပါ ထင်ကြေး ပေးလာရအောင် အောင်မြင်နေပြီ ဖြစ်ပါတယ်။
ဘာပေ ဟာ သူ့ရဲ့ လူငယ် ကစားသမား ဘဝကို As Bondy အသင်းမှာ စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ မိုနာကို ကို ပြောင်းရွှေ့ ခဲ့ပါတယ် ။ မိုနာကို ကို မပြောင်းရွှေ့မှီမှာ ဘာပေ ဟာ အာဆင်နယ် ကို ရောက်ဖို့ နီးစပ် ခဲ့တယ်လို့ Grimandi က ထုတ်ဖော် ပြောကြား လာခဲ့ပါတယ် ။

” ကင်းထောက်တစ်ယောက်ရဲ့ အဓိက တာဝန်ကကစားသမားတွေ ရှာဖွေ ပေးရတာပါ ။ ဒါပေမယ့်လည်း ရှာဖွေ နိုင်ခဲ့ပြီး မခေါ်နိုင်ခဲ့တဲ့ ကစားသမားတွေလည်း ရှိပါတယ် ၊ ဥပမာ ပြောပြရရင် ဘာပေ ပေါ့ ၊ သူ့ကို ရှာတွေ့ ခဲ့ပေမယ့် အသင်းဆီ လာရောက် ကစားချင်အောင် မဆွဲဆောင်နိုင်ခဲ့ပါဘူး ။ ”
” ကျနော်တို့ သူ့ကို တွေ့ချိန်မှာ သူက စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့်သူပါ ၊ ကျနော်တို့ သူနဲ့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလလောက်မှာ စကားပြောဖြစ် ခဲ့ကြပါတယ် ၊ ကျနော်တို့က သူ အာဆင်နယ် အသင်းဆီ လာချင်အောင် မဆွဲဆောင် နိုင်ခဲ့ပါဘူး ၊ သူက မိုနာကို ကိုပဲ ပြောင်းကစားဖို့ ဆုံးဖြတ် ခဲ့ပါတယ် ၊ အာဆင်နယ် ကလည်း ခက်ခဲနေခဲ့တဲ့အချိန်ဆိုတော့ ကစားသမား ခေါ်ဖို့ လုပ်ရတာ အတော်လေး ခက်ခဲ ရှုပ်ထွေး ခဲ့ပါတယ် ။ ”
” အစပိုင်းမှာ အရာရာ က အဆင်ပြေ ချောမွေ့ နေခဲ့တာပါ။ ကာယကံရှင်နဲ့ စကားပြောခဲ့ပြီး သူကလည်း အာဆင်နယ် နဲ့ စာချုပ်ချုပ် ချင်ခဲ့ပါတယ် ၊ ဒါပေမယ့်လည်း အသင်းက ရလဒ်တွေ မကောင်းတဲ့ အချိန် ဖြစ်နေခဲ့တော့ ထိပ်တန်း ကစားသမားတွေ ခေါ်ယူရတာ ခက်ခဲ ခဲ့ပါတယ် ၊ ဒါကြောင့် အသင်း တစ်သင်း ထိပ်ဆုံးမှာ အချိန်ကြာကြာ ရပ်တည်နိုင်ဖို့က သိပ်အရေးကြီးပါတယ် ။ ”
” ကိုယ်က ထိပ်ဆုံးမှာ ရပ်တည် နေနိုင်ရင် ထိပ်တန်းကစားသမားတွေ ခေါ်လို့ ပိုပြီး လွယ်ပါတယ် ။ ဒါပေမယ့် ကိုယ့်အသင်းမှာလည်း အရည်အသွေးမြင့် လူငယ် ကစားသမားလေးတွေ ရှိနေတာကို မေ့ထားလို့ မရပါဘူး ၊ ဒါကို ဆာကာ နှင့် အက်ဒီ တို့က သက်သေပြသ နေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။