ကက်စ်မဲရိုးနဲ့ ပါတေးထက် ဒီကလန်ရိုက်စ်က ပိုကောင်းပါတယ် လို့ အခိုင်အမာ ပြောဆိုလိုက်သူ

ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ဟာ အာဆင်နယ် ကွင်းလယ်လူ ပါတေး၊ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကက်စ်မဲရိုးတို့ထက် ပိုကောင်းတဲ့ ကစားသမားဖြစ်တယ်လို့ နယူးကာဆယ်နောက်ခံလူ ထရစ်ပီယာက ချီးကျူးလိုက်ပါတယ်။

ဒီကလန်ရိုက်စ်က ဝက်စ်ဟမ်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၁၈ လဆီ ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်တို့က သူ့ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားမှုတွေ ရှိနေပါတယ်။

ဒီကလပ်အသင်းတွေမှာ ပရီမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေလို့ အများက သတ်မှတ်ထားတဲ့ ပါတေး၊ ကတ်စ်မဲရိုးတို့လို့ ကစားသမားတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် ထရစ်ပီယာကတော့ သူ့ရဲ့အင်္ဂလန် လက်ရွေးစင် အသင်းဖော်က အထက်ပါကစားသမားနှစ်ဦးထက် ပိုကောင်းတယ်လို့ ယုံကြည်နေပါတယ်။

ပရီးမီးယားလိဂ်နာမည်ကျော်ခံစစ်မှူးဟောင်း ရီယိုဖာဒီနန်နဲ့ ဆွေးနွေးခန်းအစီအစဉ်အတွင်း ဒီကလန်ရိုက်စ်နဲ့ ပါတေး တို့နှစ်ဦး အနက် ဘယ်သူ့ကိုရွေးချယ်မလဲဆိုတဲ့ မေးခွန်းအပေါ် နယူးကာဆယ်နောက်ခံလူက –

“ဒီကလန်ရိုက်စ်ပါ။ ရိုက်စ်ရဲ့စွမ်းဆောင်ရည်က မယုံနိုင်စရာပါပဲ။ ဟိုတစ်နေ့က ကျွန်တော်တို့အသင်းနဲ့ ဝက်စ်ဟမ်း ကစားခဲ့တဲ့ ပွဲစဉ်ကို ခင်ဗျားကြည့်ဖြစ်ခဲ့လားဆိုတာတော့ ကျွန်တော်လည်း မသိဘူး။

ဒါပေမယ့် သူ့ရဲ့ဉာဏ်ရည် ဉာဏ်သွေး၊ ပြိုင်ဖက်ရဲ့တိုက်စစ်ဆင်မှုကို တားဆီးပြီး တန်ပြန်ဖိအားပေးပုံနဲ့ သူ့ရဲ့ အစွမ်း ထက်မှုတွေက တကယ်ကောင်းလွန်းပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေအနက် တစ်ဦး ဖြစ်တယ် ဆိုတာကို မယုံနိုင်စရာ ပြသနေပါတယ်”လို့ ဖြေခဲ့ပါတယ်။

ကက်စ်မဲရိုးကို ကျော်ပြီး ရိုက်စ်ကို ရွေးမှာပဲလားလို့ မေးမြန်းလာမှုကိုလည်း ထရစ်ပီယာက ငြင်းဆန်မှုမရှိဘဲ ရွေးချယ်မယ် လို့ ဆိုလာပါတယ်။

ထရစ်ပီယာက “ကျွန်တော်တို့၊ ခင်ဗျားတို့လို နောက်ခံလူတွေက မိုက်ကယ်ကာရစ်ရဲ့ခြေစွမ်းကို သဘောကျမှာပဲ ဒါမှမဟုတ် ဒီကလန်ရိုက်စ် လုပ်ပြနေတာမျိုးပေါ့။ သူတို့ရဲ့ခြေစွမ်းပိုင်းနဲ့ အရာရာတိုင်းကို ချေမှုန်းပစ်လိုက်လို့ မင်းရဲ့ အလုပ်ကို ပိုလွယ်ကူသွားစေတယ်။

ကျွန်တော့်ကို အထင်မလွဲပါနဲ့။ ကတ်စ်မဲရိုးဆိုတာ သူအနိုင်ရခဲ့တဲ့ ချန်ပီယံဆုတွေနဲ့ ချန်ပီယံလိဂ်ဖလားတွေကြောင့် ကမ္ဘာ့အဆင့်ကစားသမားဆိုတာ သက်သေပြပြီးသားပါ။ ဒါပေမယ့် အခုအချိန်မှာ ပြောရမယ်ဆိုရင် ဒီကလန်ရိုက်စ်က မယုံကြည်နိုင်စရာပါပဲ”လို့ ရှင်းပြခဲ့ပါတယ်။