ပရီးမီးယားလိဂ် ဖလားက ဘယ်အသင်းအတွက်ပဲ ဖြစ်မလဲ သုံးသပ် ခန့်မှန်းသွားတဲ့ ဂျင်မီ ကာရေဂါ
လီဗာပူး ဂန္တဝင် ဂျေမီ ကာရေဂါ က ပရီးမီးယားလိဂ် အမှတ်ပေးဖလား ခန့်မှန်းမှုကို ပြုလုပ်သွားခဲ့ ပါတယ်။ အာဆင်နယ် မန်စီးတီး မန်ယူနိုက်တက် နယူးကာဆယ် တို့ဟာ လက်ရှိအချိန်မှာ top 4 နေရာကို သိမ်းပိုက်ထားကြပြီး တော့တင်ဟမ် ဘရိုက်တန် ဘရိုက်တန် တို့ကလည်း သိပ်အဝေးကြီးမှာ ရှိမနေပါဘူး။
လက်ရှိ အနေအထား အရ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် ဒီဖလားရဖို့ ကြိုးပမ်းနေတဲ့ အာဆင်နယ်နဲ့ နောက်ဆုံး ၅ ရာသီမှာ အမှတ်ပေးဖလားကို ၄ ကြိမ်ထိ ဆွတ်ခူး ထားခဲ့တဲ့ မန်စီးတီးတို့ပဲ အဓိက ပြိုင်ဆိုင်သွားရဖို့ ရှိနေပါတယ်။
ကာရေဂါက “ကျနော်ကတော့ အာဆင်နယ်တို့ ဒီရာသီမှာ ချန်ပီယံ ဖြစ်လိမ့်မယ်လို့ tip ပေးပါတယ်။ ဘာလို့လဲ ဆိုတော့ မန်စီးတီးတို့ အကောင်းဆုံး ပုံစံ ပြန်လာနိုင်မယ်လို့ ကျနော့်ဘက်က မသေချာလို့ပါ။ မန်စီးတီးတို့ ဒီလိုမျိုး ကြာကြာ ဖြစ်လေလေ အာဆင်နယ် အတွက် အသက်ရှုရ ချောင်လေလေပါပဲ။

မန်စီးတီး တီးရဲ့ ကွင်းတွင်း ကွင်းပြင်ပ အခြေအနေတွေကြောင့် အာဆင်နယ်တို့ ရရှိထားတဲ့ breathing space က ကြီးမားပါတယ်။ သူတို့ လက်ရှိနေရာကို ဆက်ထိန်းထားနိုင်မယ်လို့ ထင်ပါတယ်။
စီးတီးကို အခု ကြည့်လိုက်ပါ။ သူတို့ ပွဲတိုင်း အနိုင်ရလိမ့်မယ်လို့ ထင်စရာ မရှိပါဘူး။ သူတို့ဟာ ဒီအချိန်မှာ ပုံစံ ကောင်းမှာ ရှိမနေဘူးလို့ ခံစားရပါတယ်။ အာဆင်နယ်ဟာ အမှတ်ပေးဖလား ချန်ပီယံ ဖြစ်ဖို့အတွက် တကယ်ကောင်းတဲ့ အနေအထားမှာ ရှိနေပါတယ်။” လို့ပြောသွားပါတယ်။
ဒါ့အပြင် မန်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်တွေက လိဒ် အာဆင်နယ် ခရစ်စတယ်ပဲလေ့စ် တို့နဲ့ ပွဲစဉ်တွေမှာ အမှတ်လျော့ခဲ့ပြီး ကာရေဂါက သရဲနီတို့ဟာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်မယ်လို့ မထင်မိကြောင်း ပြောသွားခဲ့ပါတယ်။