ဒီတပတ် ပရီးမီးယားလိဂ် ပွဲတွေ အတွက် ဆရာကြီး ပေါမာဆန်ရဲ့ ပွဲကြို ခန့်မှန်း ဟောကိန်းထုတ်မှုများ
ဘောလုံးပွဲ သုံးသပ် ဆရာကြီး ဖြစ်တဲ့ ပေါမာဆန်ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲ သုံးသပ်ခန့်မှန်းချက်တွေ စုစည်း ဖော်ပြပေးလိုက်ပါတယ်။
ဝက်စ်ဟမ်းယူနိုက်တက်-ချဲလ်ဆီး
စနေနေ့မှာ အစောဆုံးကစားမယ့်ပွဲစဉ်က နှစ်သင်းလုံးအတွက်တော့ အရေးပါတဲ့ ပွဲစဉ်ဖြစ်ပြီး တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ ဝက်စ်ဟမ်းနဲ့ ပေါင်သန်း ၃၀၀ ကျော်သုံးပြီး နိုင်ပွဲပုံမှန်ရဖို့ ကြိုးစားနေတဲ့ ချဲလ်ဆီးတို့အတွက် ဖိဖိစီးစီး ကစားလာကြမှာပါ။
နယူးကာဆယ်လ်ကို အဝေးမှာ သရေကျခဲ့တာက ဟမ်းမားတွေအတွက် ယုံကြည်မှု မြင့်မားလာခဲ့သလို ချဲလ်ဆီးတို့ကတော့ ဖူလ်ဟမ်ကို အိမ်ကွင်းမှာ သရေကျခဲ့တဲ့အတွက် တနုံ့နုံ့နဲ့ ပေါက်ကွဲပြနိုင်ဖို့ လုပ်လာကြမှာဖြစ်ပါတယ်။ ဂျာအို ဖဲလစ္စ ပြန်လာပါလာမှဖြစ်တဲ့အတွက် ချဲလ်ဆီးတို့ ပိုကောင်းလာဖို့ ရှိနေသလို လန်ဒန်ဒါဘီမှာ အနိုင်ရဖို့ ဖြစ်လာနိုင်ပြီး ဝက်စ်ဟမ်းတို့ အမှတ်ရဖို့တော့ နောက်တစ်ပွဲ ထပ်စောင့်သွားရနိုင်ပါတယ်။
(ဝက်စ်ဟမ်း 1-2 ချဲလ်ဆီး)

ဖူလ်ဟမ်-နော့တင်ဟမ်ဖောရက်စ်
ဖောရက်စ်တို့အနေနဲ့ လူတွေ ၃၀ ကျော်လောက် ဝယ်အပြီးမှာတော့ အနိုင်ရနိုင်မယ့် နည်းလမ်းကို ရှာတွေ့နိုင်ခဲ့သလိုပါပဲ။ သူတို့အတွက် အရေးပါတဲ့ နိုင်ပွဲတွေနဲ့ အဆင့် ၁၃ အထိ တက်ရောက်လာနိုင်ခဲ့ပြီး တန်းဆင်းဇုန်နဲ့လည်း ဝေးလာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဖူလ်ဟမ်ကွင်းကတော့ အသင်းကြီးတွေအတွက်တောင် ခက်ခဲတာဖြစ်လို့ စိတ်အေးလက်အေးဖြစ်လာချိန်မှာ ရှုံးပွဲပြန်တွေ့ဖို့ ဖြစ်လာနိုင်တာပါ။
အိမ်ရှင်တွေအနေနဲ့ အရန်တွေနဲ့ပဲ အက်ဖ်အေဖလားမှာ အနိုင်ကန်ထားခဲ့သလို ပြီးခဲ့တဲ့ ပွဲမှာလည်း ချဲလ်ဆီးကွင်းမှာ သရေကန်ထားခဲ့တာကြောင့် လက်ရှိအဆင့်ကို ဆက်ထိန်းဖို့ အနိုင် ကစားမှာဖြစ်ပြီး ဖောရက်စ်တို့ကတော့ အားမတန် မာန်လျှော့ရဖို့ ရှိနေပါတယ်။
(ဖူလ်ဟမ် 2-0 ဖောရက်စ်)
လက်စတာစီးတီး-တော့တင်ဟမ်ဟော့စပါး
ပြီးခဲ့တဲ့ နှစ်ပွဲမှာ ခြောက်မှတ် ယူထားခဲ့တဲ့ စပါးစ်တို့အနေနဲ့ လက်စတာကွင်းမှာ အစမ်းသပ်ခံဖို့ဖြစ်လာခဲ့ပါတယ်။ ဟာရီကိန်း ပါနိုင်ရင် သူတို့အတွက် နိုင်ပွဲသေချာတယ်လို့ ပြောရမလိုဖြစ်နေချိန်မှာ မြောက်လန်ဒန်သားတွေအနေနဲ့ မန်စီးတီးကို ဖုတ်ပြီး စိတ်ဓာတ်တွေလည်း တက်ကြွနေလို့ အဆင့် ၄ ကို နယူးကာဆယ်လ်ဆီက လုယူဖို့ ကြိုးစားလာတော့မှာပါ။
လက်စတာတို့ကတော့ ဗီလာခံစစ်အမှားတွေကနေ နိုင်ပွဲယူနိုင်ခဲ့ပေမယ့် ခြေစွမ်းက အကောင်းကြီး မဟုတ်သေးသလို တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့်သာ ရုန်းအားပြနေတာဖြစ်ပါတယ်။ ကောင်တာသန်တဲ့ နှစ်သင်းစလုံး ဂိုးအပြိုင်သွင်းကြဖို့ ရှိပြီး မြေခွေးအသိုက်မှာ သရေကျဖို့ များနေပါတယ်။
(လက်စတာ 2-2 စပါးစ်)
အာဆင်နယ်-ဘရန့်ဖို့ဒ်
အာဆင်နယ်တို့အတွက်တော့ ဒီပွဲက အရေးပါတဲ့ ပွဲဖြစ်ပြီး အဲဗာတန်နဲ့ အရှုံးအတွက် လမ်းကြောင်းမှန်ပေါ်မှာ ပေါက်ကွဲပြရမယ့် Must Win Game တစ်ပွဲဖြစ်နေခဲ့ပါတယ်။ ဒီပွဲကန်ပြီးရင် ကြာသပတေးနေ့မှာ မန်စီးတီးနဲ့ ပွဲကျန် ကစားရဖို့ ရှိနေပြီး အမှတ်ဆုံးရှုံးနိုင်တာကြောင့် ဘရန့်ဖို့ဒ်ဆီကနေ သုံးမှတ် အပြည့်ရယူထားနိုင်ဖို့လည်း လိုအပ်နေတာပါ။
ဘရန့်ဖို့ဒ်တို့ကတော့ အဝေးကွင်းမှာဆိုရင် ကောင်တာကို ပိုမိုအားပြုတတ်တဲ့ အသင်းမျိုးဖြစ်ပေမယ့် မျက်နှာပြောင်ပြောင်နဲ့ တရားလွန် ပိတ်ကစားတတ်ခြင်းမျိုး မရှိတာကြောင့် အာဆင်နယ်တို့ ကစားရခက်ဖို့တော့ မဖြစ်နိုင်ဘူးလို့ ဆိုရပါလိမ့်မယ်။ ဂန်းနားတို့ ရလဒ်ကျဉ်းမြောင်းနိုင်ပေမယ့် အမှားမခံဘဲ သုံးမှတ်ယူသွားကြမှာပါ။
(အာဆင်နယ် 2-1 ဘရန့်ဖို့ဒ်)

ခရစ္စတယ်လ်ပဲလေ့စ်-ဘရိုက်တန်
ပဲလေ့စ်တို့အနေနဲ့ အမှတ်လျော့တာတွေ များနေခဲ့ပြီး ကစားပုံကောင်းပေမယ့် သုံးစားမရတဲ့ ရှေ့တန်းကြောင့် ဂိုးပေးလိုက်ရရင် ပြဿနာတွေ များကုန်တတ်ပါတယ်။ ဘရိုက်တန်တို့ကတော့ ကွင်းလယ်လူ ကိုင်စီဒိုရဲ့ အခြေအနေ မတည်ငြိမ်ပေမယ့် ရှိတဲ့သူနဲ့ အကောင်းဆုံး ရှေ့ဆက်နေပြီး ဒီတစ်ပတ်မှာတော့ အီကွေဒေါသား ပြန်လည်ပါဝင်လာနိုင်သလို ပုံမှန်အတိုင်း ကစားလာနိုင်ပါတယ်။
ဗီယာရာအနေနဲ့ အသင်းကို လူသစ်တွေ အားဖြည့်ထားခဲ့ပေမယ့် ပုံစံကောင်းရဖို့ ရုန်းကန်နေခဲ့ရချိန်မှာ ရောဘတ်တို ဒီဇာဘီကတော့ မီတိုမာအစွမ်းနဲ့ မျက်နှာပန်းလှနေတာကြောင့် လင်းယုန်တွေကို စင်ရော်တွေ သုတ်ခဲ့ရင် မအံ့ဩဖို့ပဲ သတိပေးထားရမှာပါ။
(ပဲလေ့စ် 1-2 ဘရိုက်တန်)
ဆောက်သမ်တန်-ဝုလ်ဗာဟမ့်ပ်တန်
နှစ်သင်းစလုံးအတွက် အရေးပါတဲ့ပွဲတစ်ပွဲဖြစ်ပြီး ဇယားအောက်ဆုံးက ဆောက်သမ်တန်တို့အဖို့ သူတို့နဲ့ အမှတ်မကွာလှတဲ့ ပြိုင်ဘက်ကို အိမ်ကွင်းမှာ ကစားရချိန်မှာ ဝါ့ဒ်-ပရောက်စ် ခေါင်းဆောင်ပြီး လူသစ်တွေနဲ့ ညှစ်ထုတ်လာနိုင်တာဖြစ်ပါတယ်။
ပုံစံကောင်း ပြန်ရနေပြီး လီဗာပူးလ်ကိုတောင် ဗျင်းထားခဲ့တဲ့ ဝုလ်ဗ်စ်တို့ကတော့ တိုက်စစ်နဲ့ ကွင်းလယ်က နည်းပြ လိုပီတီဂီရဲ့ ဗျူဟာတွေနဲ့ အသားကျလာခဲ့သလို နိုင်သင့်တဲ့ပွဲတွေကို အနိုင်ရဖို့အတွက် အကောင်းဆုံး ပြင်ဆင်ထားနိုင်ခဲ့တာပါ။ စိန့်မေရီမှာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲကို ကြည့်ရနိုင်ပေမယ့် အခြေအနေအရပ်ရပ်အရ တန်းဆင်းဖို့ကို ဦးတည်သလို ဖြစ်နေတဲ့ စိန့်တို့ကို ဝုလ်ဗ်စ်တို့ကပဲ ကပ်နိုင်သွားပါလိမ့်မယ်။
(စိန့် 0-1 ဝုလ်ဗ်စ်)
ဘုန်းမောက်-နယူးကာဆယ်လ်ယူနိုက်တက်
ဝက်စ်ဟမ်းနဲ့ပွဲမှာ အမှတ်လျော့ထားတဲ့ နယူးကာဆယ်လ်တို့အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို လက်မလွှတ်ချင်ရင် တုံ့ပြန်ပြရမယ့်ပွဲဖြစ်ပါတယ်။ ခံစစ်ကောင်းပေမယ့် တိုက်စစ်က တစ်ဂိုးထက် ပိုသွင်းဖို့ ခက်နေတာက ငှက်ကျားတွေအတွက် ကြီးမားတဲ့ ပြဿနာဖြစ်နေပြီး အဲ့ဒီတစ်ဂိုးနဲ့ပဲ နိုင်ပွဲတွေရဖို့ ခံစစ်ကိုပဲ အားကိုးနေရတာပါ။
ဘုန်းမောက်တို့ကတော့ Form ပျက်နေပြီး ဂိုးတွေ ကောင်းကောင်းသွင်းယူတတ်ခြင်း မရှိဘဲဖြစ်နေခဲ့သလို တိုက်စစ်မှာ ဘယ်သူ ကစားကစား အဆင်မပြေဘဲ နည်းပြ အိုနီးလ်အတွက်တော့ အဆိုးတွေပဲ ဖြစ်ပျက်နေခဲ့ပါတယ်။ အက်ဒီဟောင်းအနေနဲ့ နည်းပြကောင်းတစ်ဦး ဆိုတာ ပြသရမယ့် ပွဲစဉ်လည်းဖြစ်ပြီး တစ်ဂိုးတည်းကပဲ ဧည့်သည်တွေအတွက် အလုပ်ဖြစ်မယ်ထင်ပါတယ်။
(ဘုန်းမောက် 0-1 နယူးကာဆယ်လ်)
လိဒ်စ်ယူနိုက်တက်-မန်ချက်စတာယူနိုက်တက်
မသိရင် ဖလားပွဲ Play-off ကို ဆက်တိုက်ကစားသလား ထင်ရအောင် လိဒ်စ်နဲ့ မန်ယူတို့ နှင်းဆီဒါဘီကို လေးရက်အတွင်းမှာ အိမ်ကွင်း အဝေးကွင်း ပြန်လည်ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။ ကာစီမီရိုနဲ့ အဲရစ်ဆန်တို့ မရှိချိန်မှာ မန်ယူတို့ ရုန်းကန်နေခဲ့ရပေမယ့် ဆာဘစ်ဇာက တဖြည်းဖြည်း အသားကျလာနိုင်သလို တိုက်စစ်မှာလည်း ဆန်ချိုကို ပြန်သုံးပြီး ရက်ရှ်ဖို့ဒ်ကို အထောင်ထားခဲ့ရင် ဂိုးရဖို့ မခက်နိုင်တာပါ။
အိုးလ်ထရက်ဖို့ဒ်မှာ ခံစစ်အမှားနဲ့ နောက်က လိုက်ကစားပြီး သရေကျခဲ့ရပေမယ့် နယူးကာဆယ်လ်နဲ့ စပါးစ်တို့ရဲ့ ခြိမ်းခြောက်မှုတွေအတွက် ပေါ့လို့မဖြစ်ချိန်မှာ နည်းပြသစ် မရသေးတဲ့ လိဒ်စ်ကို အယ်လန်ရုတ်ဒ်မှာ အနိုင်ယူဖို့ ဖိဖိစီးစီး ကစားမှာဖြစ်လို့ တန်ဟတ်ရဲ့လူတွေ ဂိုးပြတ်မပြတ်ပဲ ကြည့်ရပါလိမ့်မယ်။
(လိဒ်စ် 0-3 မန်ယူ)

မန်ချက်စတာစီးတီး-အက်စ်တန်ဗီလာ
စပါးစ်ကွင်းမှာ သွားယားပြီး မှောက်လျက်လဲ နဖူးကွဲလာခဲ့တဲ့ မန်စီးတီးတို့အနေနဲ့ ဒဏ်ရာကို အနိုင်သုံးမှတ်ဆေးသိပ်ဖို့ လိုအပ်နေတာပါ။ ဗီလာတို့ကတော့ ပထမအကျော့က သရေကစားနိုင်ခဲ့ပေမယ့် သူတို့ရဲ့ လက်ရှိခြေစွမ်းက မတည်ငြိမ်ဘဲ ဝပ်ကင်းစ်တစ်ယောက်တည်းကိုပဲ မှီခိုနေရပါတယ်။
ဒီဘရိုင်းနားနဲ့ ဂွန်ဒိုးဝမ်ဆိုတဲ့ ဟားလန်းရဲ့ အစာကြော၊ ရေကြောတွေကို ဖြတ်တောက်မထားဖို့ လိုအပ်နေသလို ဂွါဒီယိုလာအနေနဲ့ ခေါင်းမာတာလား ဂတုံးမာတာလား ပြချင်တဲ့ စိတ်ကို လျှော့လိုက်ရင် ပုံမှန်အတိုင်း ပြန်ဖြစ်နိုင်ပါလိမ့်မယ်။ အာဆင်နယ်တို့ နိုင်ပွဲရဖို့ နီးစပ်နေချိန်မှာ မန်စီးတီးတို့ အမှားခံလို့ မရဘဲ ဒီထက် အမှတ်ပြတ်မသွားရအောင် သုံးမှတ်လိုက်ယူကြမှာပါ။
(မန်စီးတီး 2-0 ဗီလာ)

လီဗာပူးလ်-အဲဗာတန်
ဒီတစ်ပတ်ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မာဆေးဆိုက်ဒါဘီမှာတော့ ဘယ်အသင်းက အပေါ်ကဆိုတာတောင် ပြောဖို့ ခက်နေပါတယ်။ အိမ်ရှင် အနီရောင်တွေရဲ့ ခြေစွမ်းက ဆိုးရွားလွန်းနေခဲ့ချိန်မှာ ရှောင်ဒိုက်ချ်လက်ထဲ တစ်ပွဲဆိုတစ်ပွဲ တိုးတက်လာခဲ့တဲ့ အပြာရောင်တွေကတော့ မာမာကျောကျောနဲ့ ပိတ်ကစားဖို့ပဲ ထပ်ပြီး ပြင်ဆင်လာကြပါလိမ့်မယ်။
အိမ်ကွင်းလည်းဖြစ်၊ ဒါဘီလည်းဖြစ်နေလို့ လီဗာပူးလ်တို့ သိက္ခာမကျရဖို့ အကောင်းဆုံး ကစားလာမှာဖြစ်ပြီး တန်းဆင်းဇုန်က ရုန်းထွက်နိုင်ဖို့ မိုတီဗေးရှင်းရသွားတဲ့ အဲဗာတန်တို့ကတော့ ဒီပွဲကို ကောင်တာနဲ့ပဲ အမှတ်ခွဲယူဖို့ ကြိုးစားလာနိုင်ပေမယ့် အိမ်ရှင်တွေ ပရိသတ် အဆဲမခံရဖို့ ကလော့ပ်ရဲ့ ဉာဏ်နီဉာဏ်နက်တွေနဲ့အတူ အနိုင်ယူသွားကြမှာပါ။
(လီဗာပူးလ် 2-0 အဲဗာတန်)