မန်ယူ တိုက်စစ်မှုး ရပ်ရှ်ဖို့ဒ် ကို ဒီရာသီ ဘယ်နှဂိုးထိ သွင်းဖို့ နည်းပြ တန်ဟက် စိန်ခေါ်လိုက်ပြီလဲ
မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဟာ တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ် အနေနဲ့ သူ့ရဲ့တစ်ရာသီအတွင်း အကောင်းဆုံးသွင်းဂိုးမှတ်တမ်းဖြစ်တဲ့ (၂၂)ဂိုးအရေအတွက်ကို ချိုးဖျက်ပြီး (၃၅)ဂိုးအထိ သွင်းယူနိုင်အောင် စိန်ခေါ်သင့်ပြီ လို့ တိုက်တွန်းခဲ့ပါတယ်။
မနေ့ညက လိဒ်စ်အသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ရပ်ရှ်ဖို့ဒ်က အဖွင့်ဂိုးကို လုခ်ရှောရဲ့ ဖြတ်တင်ဘော ကနေ ခေါင်းတိုက်သွင်းယူခဲ့ပြီး ဒါက ပြိုင်ပွဲစုံနောက်ဆုံး (၁၅)ပွဲမှာ ယူနိုက်တက်အတွက် ရပ်ပ်ရှ်ဖို့ဒ်ရဲ့ (၁၃)ဂိုးမြောက် သွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။
ယူနိုက်တက် ကစားသမား ဘဝတစ်လျှောက် ရပ်ရှ်ဖို့ဒ်ရဲ့ တစ်ရာသီအတွင်း သွင်းဂိုးအများဖြစ်ခဲ့တာက ၂၀၁၉-၂၀ ရာသီ တုန်းက (၂၂)ဂိုးသွင်းယူခဲ့တာဖြစ်ပြီး အဲဒီမှတ်တမ်းကို ဒီရာသီမှာ သေချာပေါက် ချိုးဖျက် နိုင်တော့မှာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပြန်လာပြီးကတည်းက ရပ်တန့်လို့မရတဲ့ ခြေစွမ်းပြသနေသူ ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ (၃၄)ပွဲကစား၊ (၂၁)ဂိုးအထိ သွင်းယူထားပြီး ၂၀၁၉-၂၀ ရာသီက သွင်းဂိုးအရေအတွက်ကို ကျော်ဖြတ်ဖို့ (၂)ဂိုးသာ လိုပါတော့တယ်။
အဲရစ်တန်ဟက်ကတော့ ရပ်ရှ်ဖို့ဒ်အနေနဲ့ (၂၂)ဂိုးမှတ်တမ်းသာမဟုတ်ဘဲ ဒီရာသီမှာ (၃၅)ဂိုးအထိ သွင်းယူပြနိုင်အောင် ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်သင့်တယ်လို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
အဲရစ်တန်ဟက်က “ရပ်ရှ်ဖို့ဒ်ဟာ နောက်ထပ်ဂိုးတွေ အများကြီး သွင်းယူနိုင်ဦးမှာဖြစ်ပါတယ်။ လာမယ့်လတွေဟာ ကျွန်တော်တို့ အတွက် အရေးကြီးတဲ့ အချိန်ကာလဖြစ်ပြီး ဆုဖလားတွေ ဆွတ်ခူးနိုင်တဲ့ အနေအထား ရောက်အောင် ကြိုးစားရမှာပါ။
အဲဒီရည်မှန်းချက်အတွက်လည်း ရပ်ရှ်ဖို့ဒ်က အကောင်းဆုံးခြေစွမ်းပြ ကူညီပေးနေပါတယ်။ ရာသီအစပိုင်းတုန်းက ဒီရာသီမှာ ဂိုး(၂၀)အထိ သွင်းနိုင်ပါ့မလားလို့ ရပ်ရှ်ဖို့ဒ်ကို ကျွန်တော် မေးခွန်းထုတ်ခဲ့ဖူးပြီး အခုတော့ သူက အဲဒီသွင်းဂိုးအရေအတွက်ကို သွင်းယူနိုင်ခဲ့ပါပြီ။
ရပ်ရှ်ဖို့ဒ်အနေနဲ့ ဂိုး(၃၀)၊ (၃၅)ဂိုးလောက်အထိ သွင်းပြနိုင်အောင် ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်သင့်ပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံး အချက်ကတော့ ကျွန်တော်တို့ကစားသမားတွေအနေနဲ့ အသင်းအတွက် နိုင်ပွဲ ရယူပေးနိုင်ဖို့ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။