လာမယ့် ကြားရက် အာဆင်နယ် – မန်စီးတီး ပွဲ အတွက် ကြိုတင် သုံးသပ်သွားတဲ့ အီယန်ရိုက်

အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမား အီယန်ရိုက်က လာမယ့် ဗုဒ္ဓဟူးနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ပွဲစဉ်မှာ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်ဟာ ရလဒ်ကောင်း တခု ရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့က ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံဆု အတွက် အပြိုင် ဖြစ်နေကြတဲ့ အသင်းတွေ ဖြစ်ပြီး အာဆင်နယ်က လက်ရှိမှာ မန်ချက်စတာ စီးတီးထက် တပွဲလျော့ ကစားထားပြီး ရမှတ် ၃မှတ် အသာရနေပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့ညမှာတော့ အာဆင်နယ်က မန်ချက်စတာ စီးတီးကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး အဆိုပါပွဲမှာသာ စီးတီးက အနိုင်ရသွားရင် အာဆင်နယ်ဟာ အဆင့်(၁) ကနေ ဆင်းပေးရဖို့ ရှိနေတာကြောင့် အာဆင်နယ်က အနိမ့်ဆုံး သရေရလဒ် ရအောင် ကစားနိုင်မှသာ ချန်ပီယံ မျှော်လင့်ချက်ကို ဆက်လက် ထိန်းသိမ်းထားနိုင်မှာပါ။

အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ အီယန်ရိုက်ကတော့ သူ့ရဲ့ အသင်းဟောင်းအပေါ် အပြည့်အဝ ယုံကြည်နေဆဲ ဖြစ်ပြီး အဆိုပါပွဲအတွက် အသေးစိတ် သုံးသပ်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။

အီယန်ရိုက်က – “ကျွန်တော်တို့က အာလင်း ဟာလန်း တယောက် ပြိုင်ဘက်တွေကို ဘယ်လောက်အထိ ဒုက္ခပေးနိုင်လဲ ဆိုတာကို သိကြပါတယ်။ ဒါပေမယ့် သူ မပါဝင်နိုင်ရင်တောင် ဒီပွဲက အာဆင်နယ် အတွက် ခက်ခဲတဲ့ ပွဲတပွဲ ဖြစ်နေပါဦးမယ်။

စီးတီးက ဟာလန်း မပါရင်တောင် ဘယ်လိုမျိုး စွမ်းဆောင်နိုင်လဲ ဆိုတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ပြီးပါပြီ။ အာဆင်နယ်က ဒီပွဲမှာ သေချာပေါက် အနိုင်ရလဒ် ရအောင် ယူနိုင်ရပါမယ်။ သူတို့က အိမ်ကွင်းမှာ ကစားရမယ့်ပွဲကို အနိုင်ရအောင် ကန်နိုင်ဖို့ လိုပါတယ်။

စီးတီးကလည်း သူတို့ဟာ ဒီပွဲမှာ အနိုင်ရခဲ့ရင် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို တက်နိုင်မယ် ဆိုတာ သိထားပါတယ်။ ပပ်က ပရီးမီးယားလိဂ်ပြိုင်ပွဲ အတွက် အဖြေထုတ်ဖို့ စောသေးတယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် စီးတီးက ချန်ပီယံဆုလုပွဲ အကြောင်းကို ကောင်းကောင်းကြီး သိပါတယ်။

သူတို့က သူတို့ ဘာလုပ်ရမလဲ ဆိုတာကိုလည်း သိပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အာဆင်နယ်က သူတို့ကို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ထင်ပါတယ်။

အာဆင်နယ်က ဒီပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားပါလိမ့်မယ်။ သူတို့က ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ခြေချော်ခဲ့ပေမယ့် ရမှတ် ၁မှတ် ရခဲ့တာကလည်း ကောင်းပါတယ်” လို့ သုံးသပ် သွားတာ ဖြစ်ပါတယ်။