ရော်နယ်လ်ဒို ရဲ့ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း ထောက်ခံလိုက်တဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်း ရော်နယ်လ်ဒိုရဲ့ ဆော်ဒီ ပရိုလိဂ် ကလပ် အယ်လ်နာဆာကို ပြောင်းရွှေ့ခဲ့မှုအပေါ် ၎င်းရဲ့ ထင်မြင်ချက်ကို ပြောကြားခဲ့ပါတယ်။

ဘလွန်းဒီအော ၅ ဆုရှင် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယခု မျိုးဆက်မှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ် ဂန္တဝင်ဟာ ကလပ်အသင်းနဲ့ရော နိုင်ငံအသင်းနဲ့ပါ ဆုဖလားပေါင်းမြောက်မြားစွာ ရရှိခဲ့တဲ့ အတွက် တသက်တာ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်လ်ဒိုဟာ နိုဝင်ဘာလမှာ မန်ချက်စတာယူနိုက်တက်နဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီးနောက် အသင်းသစ်ရှာဖွေဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး နောက်ဆုံးမှာတော့ ဥရောပဘောလုံးလောကကနေ ပထမဆုံးအကြိမ် ထွက်ခွာပြီး ဆော်ဒီ အာရေဗျကလပ် အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ဆော်ဒီ ပရိုလိဂ်ကလပ်အသင်းနဲ့ ၂ နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ်လုပ်ခလစာ ပေါင် ၁၇၃ သန်း နဲ့ ဘောလုံးသမိုင်းမှာ လစာအမြင့်မားဆုံး ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီ က ပေါ်တူဂီ ဂန္တဝင်ရဲ့ ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့မှုအပေါ် ၎င်းရဲ့ ထင်မြင်ချက်ကို ပြောကြားခဲ့ပြီး အီတလီလူမျိုးနည်းပြက တပည့်ဟောင်းဖြစ်သူဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

“ကျွန်တော် ခရစ္စတီယာနိုနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ သူ့ရဲ့ ရွေးချယ်မှုက ကောင်းမွန်ပြီး သင့်တော်ပါတယ်။ ဆော်ဒီ အာရေဗျက အရည်အချင်းအများကြီးရှိပြီး အရမ်းတော်တဲ့ ပရော်ဖက်ရှင်နယ် ကစားသမားကို ကြည့်ရှု ခံစားနိုင် ပါလိမ့်မယ် ” လို့ ပြောကြားခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းမှာ ရောက်ရောက်ချင်း ခြေစွမ်းမပြသနိုင်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာ အသင်းမှာ အခြေကျသွားခဲ့ပြီဖြစ်ပုံပေါ်ပြီး နောက်ဆုံး ဆော်ဒီ ပရိုလိဂ် ၂ ပွဲမှာ ၅ ဂိုးအထိ သွင်းယူ ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။