ဆရာကြီး ပေါမာဆန်ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် သုံးသပ် ခန့်မှန်းချက်တွေ ထွက်လာပါပြီ
ဆရာကြီး ပေါမာဆန်ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် သုံးသပ် ခန့်မှန်းချက်တွေ ထွက်လာပါပြီ။
အက်စ်တန်ဗီလာ-အာဆင်နယ်
သုံးပွဲဆက်ပြီး နိုင်ပွဲပျောက်ထားတဲ့ အာဆင်နယ်တို့အတွက်တော့ ဒီပွဲက နိုင်ကို နိုင်ရမယ့်ပွဲမျိုး ဖြစ်နေပါတယ်။ ဒီပွဲကိုသာ သုံးမှတ် မရခဲ့ဘူးဆိုရင် သူတို့ရဲ့ အနေအထားက ဆိုးရွားသွားမှာဖြစ်ပြီး ဒီရာသီ ရည်မှန်းချက်တွေကို အဖတ်ဆည်လို့ မရဘဲဖြစ်သွားမှာပါ။
သူတို့အနေနဲ့ ဘယ်လောက်ပဲ ကစားပုံနဲ့ စိတ်ဓာတ်ပိုင်းမှာ ဆိုးရွားနေနေ မနိုင်လို့မဖြစ်တာကြောင့် ဒီနေ့ပွဲကို အားကုန်သုံးပြီး ကစားလာကြမှာဖြစ်ပါတယ်။ ဗီလာတို့ကတော့ ကစားပုံကောင်းကို ပြသနိုင်ခဲ့ပေမယ့် အရှုံးပေးဖို့က တအားလွယ်လွန်းနေသလိုပါပဲ။ လူထုတ်ပုံမှားခဲ့ရင် အိမ်ရှင်တွေ ပိုကြေကွဲရနိုင်ပြီး အာဆင်နယ်တို့ အနိုင်ယူသွားမှာပါ။ (ဗီလာ 0-2 အာဆင်နယ်)

ဘရန့်ဖို့ဒ်-ခရစ္စတယ်လ်ပဲလေ့စ်
ဘရန့်ဖို့ဒ်ကတော့ ပရီးမီးယားလိဂ်ရဲ့ ခြေအမှန်ဆုံး အသင်းတွေထဲမှာ ပါဝင်နေပြီး ပါးနပ်တည်ငြိမ်တဲ့ ကစားဟန်ကို ပြသထားနိုင်ပါတယ်။ သူတို့တွေအနေနဲ့ ကစားသမားကောင်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်သလို တိုနီကလည်း ပုံမှန်ဂိုးသွင်းနေပြီး ဒီနှစ်မှာ ကွန်ဖရင့်လိဂ်တစ်နေရာကို ပိုင်ဆိုင်သွားမလားတောင် စောင့်ကြည့်ရမှာပါ။
ပဲလေ့စ်တို့ကတော့ နှာစေးချောင်းဆိုးအနေအထားကနေ ပျောက်ကင်းဖို့ မစွမ်းသာသေးဘဲဖြစ်နေခဲ့ပြီး ဇာဟာ ပြန် မလာနိုင်သေးတာက သူတို့ကို အစွယ်မဲ့ အဆိပ်မဲ့ဖြစ်စေတာကြောင့် အိမ်ရှင်တွေ ဂိုးပြတ်နိုင်ပွဲ ရပါလိမ့်မယ်။ (ဘရန့်ဖို့ဒ် 2-0 ပဲလေ့စ်)
ဝုလ်ဗာဟမ့်ပ်တန်-ဘုန်းမောက်
ဝုလ်ဗ်စ်တို့ကတော့ တန်းဆင်းဇုန်မှာ ဒစ်လည်နေတဲ့ အသင်းအဖြစ်ကနေ စုစည်းမှုကောင်းပြီး နိုင်လိုစိတ်မြင့်မားတဲ့ အသင်းသစ်တစ်သင်းပုံစံကို ပြောင်းလဲနိုင်ခဲ့ပါပြီ။ ဘုန်းမောက်တို့ကတော့ ဝုလ်ဗ်စ်တို့ ဇာတာပြန်တက်လာချိန်မှာ ကံဆိုးမိုးမှောင်ကျနေပြီး နည်းပြသစ် အိုနီးလ်အနေနဲ့ အသင်းကို နိုင်ပွဲ ရဖို့ လုပ်ဆောင် မပေးတတ်တော့သလို ဖြစ်နေခဲ့ပါတယ်။
လိုပီတီဂီရဲ့ ဝံပုလွေတွေအနေနဲ့ အိမ်ကွင်းမှာဆိုရင် ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိနေပြီး ပရီးမီးယားလိဂ်မှာ နေရာမှန် ပြန်ရောက်ဖို့အတွက် ချယ်ရီသီးတွေကို ဖျော်ရည်ကြိတ်သောက်ဖို့ အဆင်သင့်ဖြစ်နေမှာပါ။ (ဝုလ်ဗ်စ် 2-0 ဘုန်းမောက်)
ဘရိုက်တန်-ဖူလ်ဟမ်
နှစ်သင်းစလုံးအနေနဲ့ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ထားပြီး ပုံစံကောင်းတွေကိုလည်း ရရှိနေကြတဲ့ ပြိုင်ဘက်ကောင်း တွေပဲလို့ ဆိုရနိုင်ပါတယ်။ ရလဒ်တွေနဲ့ ရပ်တည်မှုတွေက မတိမ်းမယိမ်းဖြစ်နေပေမယ့် မာကို ဆေးလ်ဗားရဲ့ လှေကြီးထိုး ရိုးရိုးပုံစံထက် ရောဘတ်တို ဒီဇာဘီရဲ့ နည်းစနစ်ပိုင်းကတော့ သာလွန်နေပါတယ်။
ပွဲပိုကစားထားတဲ့ ဖူလ်ဟမ်တို့အနေနဲ့ အဝေးကွင်းမှာ ဒီလောက်ကြီးတော့ ကောင်းမှာ မဟုတ်ဘဲ ပိတ်ကစားပြီး ကောင်တာကစားဖို့ပဲ ရည်ရွယ်လာမှာဖြစ်သလို ဘရိုက်တန်တို့ကတော့ ဒါကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေမှာပါ။ နိုင်ပွဲက ဘရိုက်တန်ရဲ့ အလှည့်ဖြစ်ပြီး ဖူလ်ဟမ်တို့အနေနဲ့ သူတို့ကွင်းမှာ အကြွေးယူထားတာကို ပြန်ပေးရတော့မှာဖြစ်ပါတယ်။ (ဘရိုက်တန် 2-1 ဖူလ်ဟမ်)
အဲဗာတန်-လိဒ်စ်ယူနိုက်တက်
ဒီပွဲက နှစ်သင်းစလုံးအတွက် အရေးပါတဲ့ ပွဲစဉ်ဖြစ်ပြီး နည်းပြသစ် ရှောင်ဒိုက်ချ်အနေနဲ့ အိမ်ကွင်းမှာ မျက်နှာပန်း လှအောင် ဆက်လက်ကြိုးစားမှာ ဖြစ်သလို ယာယီနည်းပြနဲ့ ယှဉ်ပြိုင်နေရတဲ့ လိဒ်စ်တို့ကတော့ ဒဏ်ရာတွေနဲ့ ဆက်လက်ရုန်းကန်ရဖို့ ရှိနေပါတယ်။
ဝါးအစည်းပြေသလိုဖြစ်နေပြီး ယော့ခ်ရှိုင်းယားအခြေစိုက်အသင်းအနေနဲ့ တစ်ပတ် ပေါင်တစ်သောင်းနဲ့ နည်းပြသစ် အတွက် အလုပ်ခေါ်စာ ကြေညာထားခဲ့ပေမယ့် ခုထက်ထိ လိုလိုချင်ချင် လာရောက်မယ့်သူ မရှိဘဲဖြစ်နေသလို ပဲ့ကိုင်ရှင်ရဖို့ကတော့ ကြာဦးမှာပါ။ အဲဗာတန်တို့ရဲ့ ကျစ်လျစ်သိပ်သည်းတဲ့ စုဖွဲ့မှုကို လိဒ်စ်တို့ ယှဉ်ကစားနိုင်ဖို့ မလွယ်တာကြောင့် အိမ်ရှင်တွေပဲ နိုင်ပွဲရရှိသွားပါလိမ့်မယ်။ (အဲဗာတန် 2-1 လိဒ်စ်)
ချဲလ်ဆီး-ဆောက်သမ်တန်
ကစားသမားသစ်တွေအတွက် ပေါင်သန်းသုံးရာကျော် သုံးစွဲထားပြီး ဒီလိုပွဲမျိုးကိုမှ မနိုင်ဘူးဆိုရင်တော့ လူလုပ် မနေနဲ့တော့လို့ ပြောရမှာပါ။ ချဲလ်ဆီးတို့အနေနဲ့ နံပါတ် ၉ တိုက်စစ်မှူးကောင်း မရှိပေမယ့် ဈေးကြီးပေးထားရတဲ့ ကစားသမားတွေအနေနဲ့ တစ်နည်းနည်းနဲ့ ဂိုးပိုက်ထဲကို ဘောလုံး ရောက်အောင် လုပ်တတ်ရပါလိမ့်မယ်။
ဆောက်သမ်တန်တို့ကလည်း ဂျလုံးပလုံးကို နည်းပြခန့်ပြီး ဇယားအောက်ခြေမှာ အမြစ်တွယ်သွားတော့မှာ ပြန်ပြီး ကန်ထုတ်ခဲ့ရသလို လက်ရှိမှာလည်း ရလဒ်တွေ ဆိုးရွားနေတာပါ။ ပရီးမီးယားလိဂ်မှာ အလှောင်ပြောင်ခံအသင်းမဖြစ်ဖို့ ချဲလ်ဆီးတို့ ဂိုးပြတ်နိုင်ပွဲတစ်ပွဲ ရှာဖွေနိုင်သင့်ပါတယ်။ (ချဲလ်ဆီး 3-0 စိန့်)
နော့တင်ဟမ်ဖောရက်စ်-မန်ချက်စတာစီးတီး
ပထမအကျော့တုန်းက ဟားလန်း ဟက်ထရစ်ရခဲ့တဲ့ အနေအထားနဲ့ လက်ရှိအနေအထားမှာ မန်စီးတီးတို့ နည်းနည်း ကျဆင်းလာတာကို မြင်ရမှာ ဖြစ်ပေမယ့် နည်းနည်းလောက် ပြန်တက်လာတဲ့ ဖောရက်စ်တို့ အိမ်ကွင်းမှာလည်း ယှဉ်ကစားဖို့က သိပ်တော့ လက်တွေ့မကျနိုင်ဘူးလို့ ထင်စရာပါ။
အာဆင်နယ်ကို အနိုင်ရခဲ့ပြီး ဇယားထိပ် ပြန်ရောက်လာချိန်မှာ သူတို့တွေအနေနဲ့ အဝေးကွင်းမှာ ခြေချော်တာမျိုး အဖြစ်ခံမှာ မဟုတ်ဘဲ ဖိဖိစီးစီး ကစားမှာ ဖြစ်ပြီး အရန်အနည်းငယ်လောက်ကိုပဲ အပြောင်းအလဲလုပ်လာနိုင်ပါတယ်။ ဖောရက်စ်တို့အတွက် ကောင်တာတစ်ပေါက်သာ ရွေးချယ်စရာရှိနေပေမယ့် အိမ်ကွင်းမှာ အရှုံးပေးရဖို့ပဲ ဖြစ်လာဦးမှာပါ။ (ဖောရက်စ် 0-3 မန်စီးတီး)
နယူးကာဆယ်လ်-လီဗာပူးလ်
နယူးကာဆယ်လ်တို့အနေနဲ့ တစ်ဂိုးထက် ပိုမသွင်းတတ်တာကြောင့် ခံစစ်ကိုချည်း ပိတ်ကစားနေရချိန်မှာ လီဗာပူးလ်တို့ကရော အဝေးကွင်းမှာ အနိုင်ရဖို့ လုံလောက်တဲ့ မာကျောမှုမျိုးနဲ့ စိတ်ဓာတ်ပိုင်း ရှိနေပြီလားလို့ မေးစရာဖြစ်နေပါတယ်။ နယူးကာဆယ်လ်တို့ရဲ့ အဓိက ကစားသမားတွေ ခြေစွမ်း ကျဆင်းနေခဲ့ပေမယ့် ဘုန်းမောက်နဲ့ပွဲမှာ အယ်လ်မီရွန် ဂိုးပေါက်ပြန်တွေ့တာက အားတက်စရာဖြစ်နေပြီး လီဗာပူးလ်တို့ရဲ့ ဂျင်းကောင် သမုတ်ခံထားရတဲ့ ဂက်ခ်ပိုကလည်း အဲဗာတန်ကို ဂိုးသွင်းထားနိုင်ခဲ့တာပါ။
ငှက်ကျားတွေက မာကျောပေမယ့် အသင်းကြီးတွေကို အနိုင်ရဖို့တော့ မလုံလောက်သေးဘူးလို့ပဲ ရက်ရက်စက်စက် အကဲဖြတ်ရဦးမှာဖြစ်ပြီး ကြိုးကြာတွေနဲ့ ငှက်ချင်း ချစ်ကြည်ရေးပွဲ လုပ်သွားနိုင်ပါတယ်။ (နယူးကာဆယ်လ် 1-1 လီဗာပူးလ်)
မန်ချက်စတာယူနိုက်တက်-လက်စတာစီးတီး
ဂိုးများမယ့် ပွဲတစ်ပွဲလို့ ယေဘုယျ သုံးသပ်ထားရမှာဖြစ်ပါတယ်။ မန်ယူတို့ရဲ့ ရက်ရှ်ဖို့ဒ် ဦးဆောင်တဲ့ တိုက်စစ်က လျှမ်းလျှမ်းတောက်နေသလိုမျိုး လက်စတာတို့ရဲ့ ကောင်တာတစ်ပေါက်ကလည်း လန့်စရာလို့ ဆိုရမှာဖြစ်ပြီး ကာစီမီရို မပါနိုင်သေးချိန်မှာ ဒါကို တားဆီးဖို့က မလွယ်လှပါဘူး။
မန်ယူဆီမှာ အဲရစ်ဆန်နဲ့ အန်တိုနီလည်း ကစားနိုင်ဖို့ မရှိသေးတာကြောင့် အင်အားအနည်းငယ် လျော့ကျနေပြီး ဆန်ချိုကိုတောင် ထုတ်သုံးနေရတဲ့အထိ အနည်းငယ် စိုးရိမ်စရာဖြစ်နေခဲ့သလို ကွင်းလယ်သာ ဆာဘစ်ဇာ ပုံမကျရင် ပြဿနာများနိုင်ပါတယ်။ နှစ်သင်းစလုံး ဂိုးအပြန်အလှန်သွင်းကြမယ့် သရေပွဲလို့ပဲ သတ်မှတ်ထားကြရအောင်ပါ။ (မန်ယူ 2-2 လက်စတာ)
တော့တင်ဟမ်ဟော့စပါး-ဝက်စ်ဟမ်း
စပါးစ်တို့အနေနဲ့ မန်စီးတီးကို နိုင်လို့ ဟုတ်ပြီထင်ကာရှိသေး လက်စတာတို့က ဒဏ်ရာတွေ ပေးလွှတ်လိုက်လို့ သွေးတရွှဲရွှဲဖြစ်ခဲ့ရတာပါ။ သူတို့ရဲ့ တစ်နေ့ရွှေ တစ်နေ့ငွေ ခြေစွမ်းက ဝက်စ်ဟမ်းနဲ့ မနီးရိုးစွဲ တူညီနေပြီး လန်ဒန်ဒါဘီကတော့ အိုးနင်းခွက်နင်းနဲ့ ဘယ်သူမှားမလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘောလုံးကိုင်ပြီး ကောင်းကောင်း မကစားတတ်သေးတဲ့ စပါးစ်တို့ကို ပိတ်ကစားပြီး ကောင်တာဆင်မယ့် ဝက်စ်ဟမ်းတို့က ထိုးနှက်လာနိုင်ပြီး အိမ်ရှင်တွေရဲ့ ခံစစ်အမှားတွေကိုလည်း ဧည့်သည်ဘက်က ဘိုဝင်တို့အဖွဲ့ ကုသိုလ်ယူတတ်မှာကြောင့် ဟာရီကိန်း ဂိုးသွင်းလည်း သရေလောက်ပဲ ဖြစ်သွားနိုင်မှာပါ။ (စပါးစ် 1-1 ဝက်စ်ဟမ်း)