မန်ယူအသင်း နောက်နှစ် ချန်ပီယံလောင်းစာရင်း ဝင်မှာ ဖြစ်ပေမယ့် ဒီနှစ် ဘယ်လိုလဲ အာဆင်နယ် ဂန္တဝင် ဟောကိန်း ထုတ်
အာဆင်နယ် အသင်းရဲ့ ဂန္တဝင် တစ်ဦး ဖြစ်တဲ့ ရေးပါလာက မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ် ဖလား အတွက် ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လိမ့်မယ်လို့ ဆိုလိုက်ပြီး ဒီရာသီမှာတော့ တန်ဟက်ရဲ့အသင်းက အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့နောက်မှာပဲ ရာသီပြီးဆုံးမယ်လို့ ဟောကိန်း ထုတ်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်နဲ့ ၅ မှတ်အကွာကို အံ့အားသင့်ဖွယ် တက်လှမ်းနိုင်ခဲ့ပြီး နည်းပြ တန်ဟက်လက်အောက်မှာ အကောင်းဆုံးပုံစံကို ရရှိနေတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖလား ၄ လုံး လမ်းကြောင်းပေါ်မှာ ရှိနေဆဲဖြစ်ပေမယ့်လည်း ရေးပါလာက သရဲနီတွေအနေနဲ့ ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၃ နေရာမှာပဲ ရာသီပြီးဆုံးလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“အဲရစ် တန်ဟက်က အရမ်းကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်ခဲ့ပါတယ်။ သူ စရောက်လာတဲ့အချိန်ကတည်းက ကျွန်တော် အဲဒါကို သံသယမရှိခဲ့ပါဘူး။ သူ့မှာ ပြဿနာအနည်းငယ်ရှိခဲ့တယ်။ သိသာပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူ့ရဲ့ ကြီးမားတဲ့ပြဿနာပဲ။ သူ့ကို ရောင်းထုတ်ဖို့ ကြိုးပမ်းခဲ့ပြီး အဆုံးမှာတော့ သူ လုပ်နိုင်ခဲ့တယ်။
အခုဆိုရင် ယုံကြည်ချက်အများကြီးနဲ့ သူတို့တွေ ကစားနေတာကို ခင်ဗျား မြင်နေရပြီ။ သူတို့တွေက အသင်းအဖွဲ့အဖြစ်နဲ့ နောက်ထပ်တစ်ကြိမ် တိုးတက်လာနေတယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေက နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက်ကို နောက်ထပ်တစ်ကြိမ် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သွားမှာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်”
“သူတို့တွေက လာမယ့်နှစ်မှာ စစ်မှန်တဲ့ အင်အားစုဖြစ်လာနိုင်ပါတယ်။ သူတို့တွေ ဖြစ်လာနိုင်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူတို့တွေက လာမယ့်နှစ် ဆုဖလားကို ကျိန်းသေပေါက် စိန်ခေါ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ သူတို့တွေ အဆင့် ၃ နဲ့ပဲ ပြီးဆုံးလိမ့်မယ်လို့ ထင်တယ်။
သူတို့တွေ မန်စီးတီးနဲ့ အာဆင်နယ်ကို အမီလိုက်ဖို့ ကြိုးပမ်းမှာပါ။ ဒါပေမယ့် သူတို့တွေက တတိယပဲဖြစ်လိမ့်မယ်။ အသင်းအတွက် အရမ်းအရေးပါတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားရပါလိမ့်မယ်။ ဒါပေမယ့် လာမယ့်ရာသီမှာ သူတို့တွေ အမှန်တကယ်စိန်ခေါ်နိုင်မယ်လို့ ထင်ပါတယ်။ ”
တန်ဟက်ဂ် သာ ဘုတ်အဖွဲ့ဆီကနေ အကူအညီအနည်းငယ်လောက် ရခဲ့မယ်ဆိုရင် သူတို့တွေက လာမယ့်ရာသီဆုဖလားအတွက် ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်း ဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော် သေချာပါတယ်”လို့ ရေးပါလာက ပြောကြားခဲ့ပါတယ်။
တန်ဟက်ရဲ့ အသင်းဟာ တနင်္ဂနွေနေ့မှာ လိဂ်ဖလားဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပြီး ကြာသပတေးနေ့ ကလည်း ဘာစီလိုနာအသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲကနေ ဖြုတ်ပစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။