မနက်ဖြန် ည မန်ယူ – ဝက်စ်ဟမ်း တို့ FA ပွဲ အတွက် ဘီဘီစီ မှ ဆက်တန်ရဲ့ ကြိုတင် သုံးသပ် ဟောကိန်း ထုတ်မှု

မန်ချက်စတာ ယူနိုက်တက် လာမယ့် ဗုဒ္ဓဟူးနေ့ညမှာ ဝက်စ်ဟမ်း အသင်းနဲ့ အက်ဖ်အေဖလားပွဲ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းဌာနမှ ပင်တိုင်သုံးသပ်သူ ခရစ်ဆက်တန်က ဒီပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်း ထားပါတယ်။

” ယူနိုက်တက်ရဲ့ ကာရာဘောင်းဖလား ရယူလိုက်တဲ့ ပွဲ အပြီးမှာ ကျနော်နဲ့ တွဲဖက် သုံးသပ်သူ ရော်ဘီ ဆားဗေ့ချ်ကတော့ အဲရစ်တန်ဟက်က ကမ္ဘာ့ အကောင်းဆုံး မန်နေဂျာပဲ လို့ ပြောခဲ့တယ်။

တန်ဟက်က တကယ်ကို အကောင်းဆုံး လုပ်ပြနေတာပါ။ ဒါပေမယ့် ရော်ဘီဆားဗေ့ချ်ကတော့ နည်းနည်း ပိုသွားတယ်လို့ ထင်တယ်။

မန်ချက်စတာ ယူနိုက်တက် ဖန်တွေလည်း ဘယ်လောက် စိတ်လှုပ်ရှားနေမယ် ဆိုတာ ကျနော် သဘောပေါက်ပါတယ်။ ဒီတပတ် ပွဲကိုလည်း သူတို့ သက်တောင့်သက်သာ အနိုင်ရဦးမှာပါ။

ဝက်စ်ဟမ်းက စနေနေ့က နော့တင်ဟမ်ဖောရက်စ်ကို နိုင်ပွဲကြီး ရခဲ့တာပါ။ ဒါပေမယ့် သူတို့က ပရီးမီယားလိဂ် ဇယား အောက်နားမှာ ရုန်းကန်နေရဆဲ ဖြစ်တယ်။ ဒီတော့ သူတို့ ဒီသီတင်းပတ် အကုန် ဘရိုက်တန်နဲ့ အဝေးကွင်းပွဲကို စိတ်ထဲ ရောက်နေပြီး ယူနိုက်တက်နဲ့ ပွဲကို အပြောင်းအလဲတွေ လုပ် ပြင်ဆင်လာမှာပါ။

ဖောရက်စ်ကို တိုက်စစ်ဆင်တုန်းကတော့ ဝက်စ်ဟမ်းက ပြီးခဲ့တဲ့ရာသီက အသင်းလို ပုံစံမျိုး တွေ့ခဲ့ရတယ်။ ဒါပေမယ့် အိုးထရက်ဖို့ဒ်မှာ သူတို့ရဲ့ အရန်တွေကို မြင်ရဖွယ် ရှိနေပြီး ဒါက ရလဒ်ကိုလည်း သက်ရောက်မှု ရှိမှာပါ။ အိမ်ရှင်အသင်းပဲ နိုင်ပွဲ ဆက်သွားပါလိမ့်မယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲ ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-ဝ ဝက်စ်ဟမ်း ဖြစ်ပါတယ်။ ပွဲကစားမှာ ကတော့ လာမယ့် ကြာသပတေးနေ့ နံနက် ၂း၁၅ အချိန်၊ အိုးထရက်ဖို့ဒ် ကွင်းမှာ ပါ။