မန်ယူလည်း ငွေသုံးလို့ ဖလားရတာ လို့ ကပ်တိုးလေး လှောင်လိုက်တဲ့ ပက် ဂွာဒီယိုလာ

မန်ချက်စတာယူနိုက်တက်ဟာ ကာရာဘောင်းဖလား ကိုင်မြှောက်ပြီး ၆နှစ်ကြာ ဖလားလက်မဲ့ ကာလကို အဆုံးသတ် ခဲ့တဲ့နောက် မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာ ဟာ အိမ်နီးချင်းကလပ်ရဲ့ ငွေသုံးစွဲမှုတွေကို လှောင်ပြောင်ဆိုခဲ့ပါတယ်။

ဂွာဒီယိုလာဟာ နယူးကာဆယ်ကိုအနိုင်ရပြီး ဖလားရခဲ့တဲ့ ယူနိုက်တက်ကို ဂုဏ်ပြုပေးခဲ့ပေမယ့် ငွေသုံးစွဲမှုနဲ့ ပတ်သက်ပြီးဟာသလုပ်ဖို့တော့ မအောင့်အည်းနိုင်ခဲ့ပါဘူး။

မန်စီးတီးမှာ ဂွာဒီယိုလာရဲ့ အောင်မြင်မှုတွေအကြောင်းပြောရင် စီးတီးရဲ့ ငွေသုံးကြမ်းမှုတွေကို လက်ညှိုးထိုးပြီး ဝေဖန်တတ်ကြတာ အမြဲတမ်းပါပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၅နှစ်အတွင်း စီးတီးရဲ့ အသုံးစရိတ်က ပေါင် သန်း ၆၆၀ ဖြစ်ပြီး မန်ယူနိုက်တက်ရဲ့ အသုံးစရိတ်ကတော့ ပေါင် ၆၈၅သန်း ဖြစ်ပါတယ်။

ဒီပမာဏက သိပ်မကွာဘူးဆိုပေမယ့် အဲ့ကာလအတွင်း အသားတင် သုံးစွဲမှုကို ယှဉ်ပြောရင်တော့ အရမ်း ကွာဟသွားပါတယ်။ ယူနိုက်တက်ရဲ့ အသားတင် သုံးစွဲမှုပမာဏ ပေါင်၅၂၇သန်းဖြစ်ပြီး စီးတီးက ပေါင် ၁၆၂သန်းသာ ရှိပါတယ်။

ကာရာဘောင်းဖလား ရသွားတဲ့နောက် ယူနိုက်တက်ဟာ တကယ်ပဲ ဖလားစိန်ခေါ်သူတွေ ဖြစ်နိုင်ပြီလားလို့ မေးမြန်းခဲ့ရာ ဂွာဒီယိုလာက “သူတို့ ဒီထက်နည်းနည်းပိုပြီး ငွေသုံးမယ် ဆိုရင် ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ ငွေအများကြီး ထပ်မသုံးရသေးလို့လေ။ ဟုတ်တယ်မလား။

ဒါက ပုံမှန်ပါပဲ။ သူတို့က သူတို့ပုံမှန် ရှိသင့်တဲ့ အနေအထားမှာရှိနေတာပါ။ အရေအတွက်အားဖြင့် ကျွန်တော်တို့နဲ့ လီဗာပူးအသင်းက မယုံနိုင်စရာကောင်းအောင် လုပ်ခဲ့တာ အမှန်တရားပါပဲ။ ကျွန်တော် ဒီကိုရောက်တော့ ယူနိုက်တက်က အမြဲတမ်း ထိပ်တန်းမှာရှိနေမှာပဲလို့ ထင်ခဲ့တယ်။ ဒါက ပုံမှန်ပါပဲ။

ယူနိုက်တက် ထိပ်တန်းအဆင့်မှာ ရှိနေရမှာပါ။ အရင်ရာသီတွေတုန်းက ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ဖြစ်ခဲ့သလို အခုချိန်မှာ ပိုပြီးနီးစပ်လာတာပါ။ ပရီးမီးယားလိဂ်မှာ ဘာမဆို ဖြစ်နိုင်ပါတယ်”လို့ ဂွာဒီယိုလာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။