ရီးရဲလ်၊ ဘာကာတို့မှာ ဆိုရင် ဘလွန်းဒီအော ဆုတောင် ရနေမှာ လို့ ချီးကျူးခံရတဲ့ အာဆင်နယ် ကစားသမား

လူငယ် ကြယ်ပွင့် ဘူကာယို ဆာကာဟာ အာဆင်နယ် အသင်းမှာ မဟုတ်ဘဲ ရီးရဲလ်မက်ဒရစ် သို့မဟုတ် ဘာစီလိုနာအသင်းတို့အတွက် ကစားတယ်ဆိုရင် ဘလွန်ဒီအော ရွှေဘောလုံး ဆုကို ရရှိနိုင်တယ်လို့ စကိုင်းစပေါ့မှ ဘောလုံးဝေဖန်သုံးသပ်သူ ဂျေ ဘို့သ်ရိုက် က ပြောဆိုလိုက် ပါတယ်။

ဂန်းနားတွေဟာ ဗုဒ္ဓဟူးနေ့ညက အဲဗာတန်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ဒုတိယနေရာက မန်ချက်စတာစီးတီးထက် ၅ မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက် ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပြည်တွင်းအမှတ်ပေးဖလားကို ရယူဖို့ ရည်မှန်းနေတာဖြစ်ပါတယ်။

ဆာကာဟာ ယခုရာသီ အာတီတာအတွက် အရေးအကြီးဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ်အထိ ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

ဆာကာဟာ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ နောက်ထပ်တစ်ကြိမ် ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂါဘရီယဲလ် မာတီနယ်လီက ပထမပိုင်းမပြီးဆုံးခင် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အင်္ဂလန်တောင်ပံကစားသမားရဲ့ လုပ်နိုင်စွမ်းကို ကောင်းကောင်း သတိပြုမိနေပေမယ့်လည်း ဂျေ ဘို့သ်ရိုက် က ဆာကာက ၎င်းနဲ့ ထိုက်တန်တဲ့ ချီးကျူးမှုတွေ မရရှိခဲ့ဘူးလို့ ယူဆနေပါတယ်။

“သူက လုံလောက်တဲ့ ချီးကျူးမှုတွေ မရခဲ့ဘူး။ သူသာ ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာတို့အတွက် ကစားပေး နေခဲ့တာဆိုရင် သူက ဘလွန်းဒီအောဆုအတွက်တောင် ထည့်ပြောခံရပါလိမ့်မယ်။ သူက ဒီနှစ်မှာ အရမ်းကို အံ့အားသင့်စရာကောင်းနေခဲ့တယ်။

သူက ငယ်ရွယ်တဲ့ကစားသမားလည်းဖြစ်သလို အာဆင်နယ်ရဲ့ ကြယ်ပွင့်ကစားသမားလည်း ဖြစ်တယ်။ သူက ဒီနေ့မှာ ကြီးမားတဲ့ ကွဲပြားခြားနားမှုတွေကို ပြုလုပ်ခဲ့တယ်။”လို့ ပြောကြားခဲ့ပါတယ်။

ဘူကာယို ဆာကာဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် အနီးစပ်ဆုံး အခြေအနေမှာ ရှိနေတာကြောင့် ဂန်းနားပရိသတ်တွေအတွက်တော့ စိတ်အေးစရာဖြစ်လာခဲ့ပြီး အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုက အနှေးနဲ့ အမြန်ကို စာချုပ်သစ် ချုပ်ဆိုတော့မှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။