ရပ်တန့်မရတဲ့ မားကပ်ရပ်ဖို့ဒ် ကို လီဗာပူး ဘယ်လို တားမလဲ ကြို သတိပေးလိုက်တဲ့ အလက်ဇန်းဒါးအာနိုး

လီဗာပူး နောက်ခံလူ ထရန့် အလက်ဇန်းဒါးအာနိုးက ဒီတပတ်မှာ သူတို့ အသင်းက မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုး မားကပ်ရပ်ဖို့ဒ်ကို အင်္ဂလန် ဒါဘီမှာ ရပ်တန့်ပစ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှုးဟာ အဲရစ်တန်ဟတ်ရဲ့ လက်အောက်မှာ တဖန်ပြန်လည် ထွန်းတောက်လာခဲ့ပြီး ပွဲတိုင်းလိုလို ဂိုးသွင်း နေတာကြောင့် ယူနိုက်တက်ကို ဖလားလေးလုံး လမ်းကြောင်းပေါ်မှာ ရှိနေအောင် ကူညီပေး ထားနိုင်ခဲ့ပါတယ်။

လီဗာပူး နောက်ခံလူ အလက်ဇန်းဒါးအာနိုးက လာမည့် တနင်္ဂနွေနေ့ အန်ဖီးမှာ ရပ်ဖို့ဒ်ကို တားဆီးနိုင်ဖို့ အတွက် ဆိုရင် အသင်းလိုက် စုပေါင်းလုပ်ဆောင်မှုက အရေးကြီးမှာ ဖြစ်တယ်လို့ လက်ခံထားပါတယ်။

အလက်ဇန်းဒါးအာနိုးက “တစ်ခုတည်းသော အပြောင်းအလဲ ကတော့ ရပ်ဖို့ဒ်ဟာ ဒီရာသီမှာ ဂိုးတွေ အများကြီး သွင်းယူနေတာပါပဲ။ ဒါပေမယ့် သူဟာ အရင်တုန်းကလည်း ပြိုင်ဘက်ကို အမြဲတမ်း ခြိမ်းခြောက်နိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာ သူဟာ ကျနော်တို့ကို တကယ် ခြိမ်းခြောက်နိုင်မယ် ဆိုတာ သေချာပါတယ်။ ဒါဟာ ခက်ခဲတဲ့ပွဲ ဖြစ်လာမှာပါ။ ဒါပေမယ့် ဒါဟာ ကျနော် တအားကန်ချင်တဲ့ ပွဲစဉ် ဖြစ်ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ စမ်းသပ်မှု ဖြစ်လာမှာပါ။

ရပ်ဖို့ဒ်ကို ရပ်တန့်ဖို့လည်း ခက်ခဲမှာပါ။ သူ့ဆီမှာ ပြိုင်ဘက်ကို ဒုက္ခပေးနိုင်တဲ့ လက်နက်တွေ အများကြီး ရှိနေပါတယ်။ ဒါပေမယ့် သူ့ကို တားဆီးဖို့ ဆိုတာ အသင်းလိုက် စုစည်းမှုနဲ့ လုပ်မှ ရမှာပါ။ တစ်ဦးချင်း တားဆီးဖို့ ကတော့ မဖြစ်နိုင်ပါဘူး။

ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းမှာ ရပ်ဖို့ဒ် တစ်ဦးတည်းကို မှီခိုနေတာ မဟုတ်ပါဘူး။ ဒါဟာ အသင်းလိုက် လုပ်ဆောင်ရတဲ့ အရာပါ။ တနင်္ဂနွေနေ့မှာ အသင်း အနိုင်ရဖို့ကသာ အရေးကြီးဆုံးပါပဲ။” လို့ ဆိုလိုက်ပါတယ်။

ရပ်ဖို့ဒ်ဟာ ဒီရာသီ ကလပ်နဲ့ နိုင်ငံအတွက် ၂၈ ဂိုးထိ သွင်းယူပေးထားခဲ့ပြီး ဖြစ်ကာ ပြီးခဲ့တဲ့ အပတ်က နယူးကာဆယ် နဲ့ ကာရာဘောင်းဖလား ဖိုင်နယ်မှာ ဂိုးသွင်းယူနိုင်ခဲ့သလို ဒီတစ်ပတ် အန်ဖီးမှာလည်း ဂိုးရယူဖို့ အတွက် ပစ်မှတ်ထားနေပါတယ်။

လီဗာပူးကတော့ ခက်ခဲတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေရပြီး ဒီရာသီ top 4 ဝင်ဖို့ အတွက်သာ အဓိက ပစ်မှတ်ထား ရမယ့် အနေအထား ဖြစ်ပါတယ်။