တိုက်စစ်က မဟန်တော့လို့ တိုက်စစ်မှုးဟောင်းကို ပြန်ခေါ်ဖို့ ချယ်ဆီးအသင်း စဉ်းစားနေပါပြီ
ချယ်ဆီးအသင်းဟာ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ တင်မီ အေဗရာဟမ်ကို ပြန်လည် ခေါ်ယူရန် စဉ်းစားနေကြောင်း The Athletic သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။
နည်းပြ ပေါ်တာရဲ့ ချယ်ဆီးက တိုက်စစ်ပိုင်းမှာ ကိုင် ဟားဗက် ၊ လူကာကူ ၊ အူဘာမီယန်း စတဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ဟားဗက်က တိုက်စစ်မှူး စစ်စစ် တဦး မဟုတ်သလို အူဘာမီယန်းနဲ့ လူကာကူတို့ကလည်း ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းကို စွန့်ခွာဖို့ ရာခိုင်နှုန်း များပြားနေပါတယ်။
ဒါကြောင့်ပဲ ချယ်ဆီး က လာမယ့် နွေဈေးကွက်ထဲမှာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်ထားပြီး ချယ်ဆီး က လိုက်ပ်ဇစ် တိုက်စစ်မှူး အန်ကွန်ကူကို ခေါ်ယူဖို့ အကြို သဘောတူညီမှု ရထားပေမယ့် အန်ကွန်ကူ အပြင် နောက်ထပ် အမာခံ တိုက်စစ်မှူး တဦးကို ထပ်မံ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်ဆီး က လွန်ခဲ့တဲ့ ၂နှစ်မှာ ရိုးမားဆီ ရောင်းချခဲ့တဲ့ အေဗရာဟမ် ကို စာချုပ်ပါ ပြန်လည် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ စဉ်းစားနေပြီး ချယ်ဆီး အပြင် မန်ချက်စတာ ယူနိုက်တက်ကလည်း အေဗရာဟမ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ချယ်ဆီး က ၂၀၂၁ခုနှစ်မှာ အေဗရာဟမ်ကို ရိုးမားဆီ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ရောင်းချခဲ့တာ ဖြစ်ပြီး အေဗရာဟမ်ကို ရောင်းချစဉ်မှာ ၂နှစ် ပြည့်တဲ့ အခါ ပြောင်းရွှေ့ကြေး ပေါင် ၆၇သန်းနဲ့ ပြန်လည် ခေါ်ယူခွင့် ရှိတဲ့ အချက်ကို ထည့်သွင်း ချုပ်ဆိုခဲ့တာကြောင့် ချယ်ဆီးကသာ ဆန္ဒရှိမယ် ဆိုရင် လာမယ့် နွေဈေးကွက်မှာ အေဗရာဟမ်ကို ပေါင် ၆၇သန်းနဲ့ ပြန်လည် ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။