VAR မရှိရင်တောင် အာဆင်နယ်က ဇယားထိပ်မှာ ဖြစ်ပြီး လီဗာပူးကတော့ အဆင့်ကျသွားမှာပါ
လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်ဟာ VAR သာ မရှိခဲ့ရင် မန်စီးတီးထက် ၁ မှတ် သာ သာလွန်နေမှာဖြစ်ပြီး လီဗာပူးလ်က ဘရိုက်တန်ရဲ့နောက် အဆင့် ၆ နေရာမှာ ရှိနေလိမ့်မယ်လို့ ESPN ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဂန်းနားတွေဟာ ယခုရာသီမှာ VAR ရဲ့ ဆိုးရွားတဲ့ ဆုံးဖြတ်ချက် အများအပြားကြောင့် နစ်နာခဲ့ရတာဖြစ်ပြီး ဒိုင်လူကြီးအဖွဲ့ PGMOL က မကြာသေးမီက အမှတ်ပေးဇယားဦးဆောင်သူတွေကို တောင်းပန်စကား ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်ရဲ့ ရမှတ်နဲ့ အဆင့်ရပ်တည်ချက်ဟာ VAR မရှိရင်လည်း တူညီတဲ့ အခြေအနေမှာပဲ ရှိနေမှာ ဖြစ်ပြီး ယင်းသတင်းအရ မန်စီးတီးဟာ VAR ကြောင့်သာ မဟုတ်ခဲ့ရင် လက်ရှိ ရရှိထားတဲ့ ရမှတ် ၅၈ မှတ်ထက် ၄ မှတ် ပိုမို ရရှိလိမ့်မယ်လို့ သိရပါတယ်။

လက်ရှိမှာ ရမှတ် ၄၉ မှတ် ရရှိထားတဲ့ အဲရစ် တန်ဟက်ရဲ့မန်ချက်စတာယူနိုက်တက်အသင်းဟာ VAR ကြောင့် ၁ မှတ် အကျိုးအမြတ် ရရှိခဲ့ပြီး တစ်ဆက်တည်းမှာပဲ ရမှတ် ၄၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်ကလည်း အဆင့် ၆ နေရာမှာ ရှိနေလိမ့်မယ်လို့ သိရပါတယ်။
လက်ရှိမှာ ရမှတ် ၃၈ မှတ် ရရှိထားတဲ့ ဘရိုက်တန်အသင်းကလည်း VAR သာ မရှိခဲ့ရင် နောက်ထပ် ၆ မှတ် ရရှိခဲ့မှာ ဖြစ်ပြီး လီဗာပူးလ်အသင်းရဲ့ အထက်မှာ ရပ်တည်နေနိုင်ခဲ့မှာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ လက်ရှိမှာ ၂၃ ပွဲ ကစားထားရာကနေ ရမှတ် ၆၃ မှတ်နဲ့ ဒုတိယနေရာက မန်ချက်စတာ စီးတီး အသင်း ကို ၅ မှတ်ဖြတ်ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတာ ဖြစ်ပါတယ်။