ဂလေဇာ မိသားစုဝင်တွေကြောင့် ဒုံရင်း ဒုံရင်း ဘဝကိုပဲ ပြန်ရောက်ဖွယ် ရှိတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ယူ ပရိသတ်တွေရဲ့ ဆန္ဒပြမှုကြောင့် အရောင်းစာရင်း တင်ထားတဲ့ အသင်းပိုင်ရှင် ဂလေဇာ မိသားစုက မန်ယူ အသင်းကို ရောင်းထုတ်ဖို့ မစဉ်းစားတော့ဘဲ ဈေးဗန်းသိမ်းဖို့ စီစဉ်နေပြီလို့ သတင်းထွက်လာပါတယ်။

အဲဒီလိုမျိုး အသင်းကို ရောင်းမထုတ်တဲ့အတွက် ဂလေဇာမိသားစုဟာ ပရိသတ်တွေဆီက နေပဲ ဝင်ငွေ ရပေါက်ရလမ်း တွေ ရှာဖို့ စဉ်းစားတော့မယ်လို့ သိရပါတယ်။

မန်ယူအသင်းကို ဝယ်ဖို့ ကမ်းလှမ်းထားတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ဖြစ်တဲ့ ကာတာ ဘဏ်သူဌေး ရှိတ်ဂျာဆင်၊ ဗြိတိန် စီးပွားရေးလုပ်ငန်းရှင် ဂျင်ရက်ကလစ်ဖ်တို့နဲ့ တွေ့ဆုံဖို့အတွက် ဂလေဇာ မိသားစုက သဘောတူခဲ့ တာမျိုး ရှိပေမဲ့လည်း ယူနိုက်တက်ကို အပြတ်ရောင်းမယ့်ဈေးအတွက် ပေါင် ၆ ဘီလီယံအထိ ဈေးခေါ်ထားတဲ့အတွက် ဝယ်လက်တွေက အနားမကပ်နိုင်တဲ့ အခြေအနေမျိုး ရှိနေပါတယ်။

အသင်းပိုင်ရှင် ဂလေဇာ မိသားစုဝင်တချို့ ကတော့ မန်ယူအသင်း ကို ဖဲ့ရောင်းတာမျိုးလုပ်ပြီး နောက်ပိုင်းကျမှ ငွေအကြေချေဖို့ အစီအစဉ်ကို လက်ခံတာမျိုးရှိပေမဲ့လည်း ပူးတွဲ ဥက္ကဋ္ဌတွေအဖြစ် တာဝန်ယူထားတဲ့ ဂျိုးနဲ့ အေဗရမ် ဂလေဇာ ညီအစ်ကို နှစ်ယောက်စလုံးကတော့ ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ထားပါတယ်။

” အဲဒီ မိသားစုကတော့ လုပ်ရင် တစ်ခုတည်းပဲ လုပ်မှာပါ။ အပြတ်ရောင်းထုတ်တာမျိုး ဖြစ်သလို ရှယ်ယာတွေ ရောင်းထုတ်တာမျိုးလည်း ရှိနိုင်ပါတယ်။ ” လို့ ဂလေဇာမိသားစုနဲ့ ရင်းနှီးတဲ့ သူတစ်ယောက်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဂလေဇာမိသားစုဟာ မန်ယူ အရောင်းအဝယ်ကိစ္စကို ကိုင်တွယ်ထိန်းချုပ်ဖို့အတွက် အမေရိ ကန်အခြေစိုက် ငွေရေးကြေးရေးကုမ္ပဏီ Raine Group ကို လက်ထောက်ချ ထားပေမဲ့လည်း လက်ရှိအချိန်အထိ ရုပ်လုံး မပေါ်နိုင်သေးပါဘူး။

ဂလေဇာ မိသားစုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အသင်းကို ပေါင် ၆ ဘီလီယံမှ မရရင် လုံး၀ မရောင်းနိုင်ဘူးဆိုတဲ့ အခြေအနေမျိုးရှိပြီး ဝယ် လက်တွေအတွက် တခြားနည်းနဲ့ လမ်းဖွင့်ပေးထားတဲ့ ကိစ္စမျိုးတွေ ရှိပေမဲ့လည်း တကယ်တမ်း လက်တွေ့လိုက်ပြီး လုပ်ကြည့်မယ်ဆိုရင် တော်တော်လေးကို အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရဖို့ရှိနေပါတယ်။

မန်ယူကို ဝယ်မယ့် ဝယ်လက်တစ်ယောက်ဟာဆိုရင် ငွေသားကို အသုံးပြုပြီး ဝယ်မှာလား၊ ဒါမှမဟုတ်ရင်လည်း တခြားရွေးချယ်စရာ နည်းလမ်းတွေဖြစ်တဲ့ နယူးယော့ခ် စတော့အိပ်ချိန်းမှာရှိနေတဲ့ ရှယ်ယာတွေကိုပဲ ဝယ်မလား ဆိုတာမျိုးတွေဟာ အလေးအနက် ထည့်ပြီး စဉ်းစားရတော့မယ့် အခြေအနေဖြစ်နေပါတယ်။

ဒါပေမဲ့လည်း အဲဒီလိုနဲ့ပဲ သံသရာလည်နေရင်းနဲ့ အချိန်တွေကုန်လာပြီး နောက်ဆုံးမှာတော့ မန်ယူ အရောင်းအဝယ် ကိစ္စဟာ ဒုံရင်းပဲ ပြန်ဖြစ်တော့မယ့်သဘောမျိုး ရှိနေပြီဖြစ်ပါတယ်။