မန်ယူ အသင်း ကွာတားဖိုင်နယ် တက်ပေမယ့် အာဆင်နယ် ပြုတ်ခဲ့ရတဲ့ ယူရိုပါလိဂ် ပွဲစဉ်များ
မနေ့ညက ကစားခဲ့ကြတဲ့ ယူရိုပါလိဂ် ရှံးထွက် ဒုတိယအကျော့ပွဲစဉ်တွေမှာ မန်ယူအသင်းက အဝေးကွင်းမှာ ဘက်တစ် ကို ဝ-၁ နဲ့ အနိုင်ကစားပြီး နောက်တစ်ဆင့် တက်လှမ်းသွားခဲ့ပေမယ့် စပို့တင်းနဲ့ ကစားခဲ့တဲ့ အာဆင်နယ် အသင်း ကတော့ ပင်နယ်တီ အဆုံးအဖြတ်ကြောင့် ၁၆ သင်း အဆင့်မှာတင် နောက်ပြန်ဆုတ်ခဲ့ရပြီ ဖြစ်ပါတယ်။
မန်ယူအသင်းက ပထမအကျော့မှာကတည်းက ၄-၁ နဲ့ အနိုင်ရရှိထားခဲ့တာကြောင့် ယခုတစ်ခေါက်ပွဲစဉ်ကို ဖိအား ကင်းကင်းနဲ့ ကစားသွားခဲ့ရပြီး ပယ်လီစထရီ၊ မက်ဂွိုင်းယား၊ မာလာစီယာ စတဲ့ ကစားသမားတွေကို ပွဲထွက်ခွင့် ပေးခဲ့ပါတယ်။

အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရပေမယ့် ကွင်းလယ်ပိုင်းက ကာဆာမဲရိုးနဲ့ ဖာနန်ဒက်စ်တို့ရဲ့ အတွဲအဖက်က ပြိုင်ဘက်ကို အသာစီးရယူနိုင်ခဲ့ပြီး ဖာနန်ဒက်စ်ရဲ့ နံပါတ် ၁၀ နေရာ ဝင်ရောက်ကစားခဲ့တဲ့ ဖရတ်ရဲ့ ခြေစွမ်းတွေ ကလည်း အားရစရာ ကောင်းခဲ့ပါတယ်။
ဗက်ဂ်ဟော့စ်တစ်ယောက် အပိုင်အခွင့်အရေးအချို့ လွဲချော်ခဲ့ရပေမယ့် မန်ယူအသင်းအတွက် တစ်လုံးထဲသော အနိုင်ဂိုး ကို ရက်ရှ်ဖို့ဒ်ကပဲ ဒုတိယပိုင်း ၅၆ မိနစ်မှာ သွင်းယူပေးခဲ့တာပါ။
အဲဒီနောက် တန်ဟတ် က ကစားသမား အတော် များများကို ထပ်မံအနားပေးခဲ့ပြီး ဆာဘစ်ဇာ၊ ဆန်ချို၊ အီလန်ဂါ၊ ဒါလော့ဒ်၊ လင်ဒီလော့ဖ် စတဲ့ ကစားသမားတွေနဲ့ လူစား ထပ်မံလဲလှယ်ပြီး ပွဲကို အဆုံးသတ်စေခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်က အာဆင်နယ်ကတော့ ပထမအကျော့မှာကတည်းက စပို့တင်းကို ၂-၂ သရေသာ ကစားခဲ့တာကြောင့် ယခု တစ်ခေါက် အိမ်ကွင်းမှာ သတိထားယှဉ်ပြိုင်ခဲ့ရပြီး စပို့တင်းထက် ခြေစွမ်းအသာစီးရယူနိုင်ခဲ့သလို ရှာကာ က ပထမပိုင်းမှာ တည်းက အဖွင့်ဂိုး စတင် သွင်းယူပေးခဲ့ပေမယ့် ဒုတိယပိုင်းမှာ စပို့တင်းဘက်က ချေပဂိုး ပြန်လည် သွင်းယူခဲ့တာကြောင့် အချိန်ပို ဆက်လက်ကစားခဲ့ရပါတယ်။
အချိန်ပိုမှာလည်း နှစ်သင်းစလုံး ဂိုးမသွင်းခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ကြရပြီး စပို့တင်းဘက်က အလုံးတိုင်း ဝင်ခဲ့ပေမယ့် အာဆင်နယ်အတွက် နောက်ဆုံးကန်သွင်းခွင့်ရခဲ့တဲ့ မာတင်နယ်တီက ဂိုးမဝင်ခဲ့တာကြောင့် အာဆင်နယ်တို့ ယခုလို ရှုံးထွက်အဆင့်မှာတင် ကျန်ရစ်ခဲ့ရတာ ဖြစ်ပါတယ်။