ချန်ပီယံလိဂ် မဲခွဲမှုတွေ အပြီးမှာ ဆီမီးဖိုင်နယ် ဘယ်အသင်းတွေ တက်မလဲ ဖာဒီနန် ဟောကိန်းထုတ်
မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန်က သောကြာနေ့ ကွာတားဖိုင်နယ်အဆင့် မဲခွဲပွဲအပြီးမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်မယ့်အသင်းတွေက ဘယ်အသင်းတွေလဲဆိုတာကို ဟောကိန်းထုတ်ခဲ့ပါတယ်။
ဥရောပ ထိပ်တန်းပြိုင်ပွဲထဲမှာ ကျန်ရှိနေသေးတဲ့ အသင်း ၈ သင်းဟာ ၎င်းတို့ရဲ့ ကံကြမ္မာကို သောကြာနေ့ညနေမှာ သိရှိခဲ့ရတာဖြစ်ပြီး လက်ရှိ ချန်ပီယံတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က ပြီးခဲ့တဲ့နှစ် ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်အတိုင်း ချဲလ်ဆီးနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းကလည်း မန်ချက်စတာစီးတီးအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နာပိုလီက အေစီမီလန်နဲ့ အတူတူ ကျရောက်ခဲ့တာဖြစ်ပါတယ်။ နာပိုလီဟာ ယခုရာသီ စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးမှာ အဆင့် ၄ နေရာက အေစီမီလန်နဲ့ ရမှတ် ၂၀ အကွာမှာ ရပ်တည်နေတာဖြစ်ပြီး အင်တာမီလန်အသင်းကတော့ ဘင်ဖီကာအသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

“နောက်တဆင့် တက်မယ့်အသင်းတွေက ရီးရဲလ်၊ စီးတီး၊ အင်တာ၊ နာပိုလီ”လို့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ၎င်းရဲ့ ဟောကိန်းကို ရေးသားခဲ့ပြီး လက်ရှိ ကျန်ရှိနေတဲ့ ၈ သင်းထဲမှာ မန်ချက်စတာစီးတီး၊ နာပိုလီ၊ ဘင်ဖီကာတို့ ၃ သင်းသာ ချန်ပီယံလိဂ် ဖလားကို တစ်ခါမှ မရရှိခဲ့ဖူးတာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးဟာ ၂၀၂၀-၂၀၂၁ ရာသီမှာ ချန်ပီယံလိဂ်ဖလားကို ဗိုလ်စွဲဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပေမယ့်လည်း ဗိုလ်လုပွဲမှာ ချဲလ်ဆီးအသင်းကို ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ နာပိုလီကလည်း ယခုရာသီမှာ ချန်ပီယံလိဂ်ဖလားကို ရယူသွားနိုင်မယ့် အသင်းဖြစ်တယ်လို့ အင်္ဂလန် ဂန္တဝင်တိုက်စစ်မှူး ဂယ်ရီ လိုင်နီကာရဲ့ အားပေးထောက်ခံမှုကို ခံခဲ့ရတာဖြစ်ပါတယ်။
“နာပိုလီကစားတာ ကြည့်ရတာက တကယ်ကို စိတ်ပျော်ရွှင်စရာပါ။ သူတို့တွေက ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ ဘောလုံးကစားပုံမျိုးကို ကစားနေတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ဒီရာသီ ချန်ပီယံလိဂ်မှာ သူတို့တွေ အနိုင်ရမယ့် ဘက်ကကနေ အရမ်းကို ရှားရှားပါးပါး လောင်းကြေးထပ်ခဲ့တာပါ“လို့ ပြောကြားခဲ့ပါတယ်။