ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်မှာ ချယ်ဆီး ထိပ်တိုက်တွေ့တဲ့ အပေါ် နည်းပြ ပေါ်တာ ဘယ်လို သဘောထားလဲ

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ် မဲခွဲပွဲကို ဆွစ်ဇာလန် နိုင်ငံ ၊ နီယွန်မြို့မှာ ကျင်းပ ပြီးစီးခဲ့ရာ ချဲလ်ဆီး အသင်းက ဥရောပ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ် နဲ့ ထိပ်တိုက်တွေ့နေပါတယ်။

ဒီ၂သင်းဟာ ရှေ့၂နှစ်ကလည်း ထိပ်တိုက်တွေ့ဆုံဖူးတာကြောင့် တသင်း အကြောင်း တသင်း ရင်းရင်းနှီးနှီး ရှိထားပြီးသား ဖြစ်ပါတယ် ။ ၂သင်းလုံးဟာ ချန်ပီယံလိဂ်ဖလားကို ရှေ့၂နှစ် အတွင်း ရှေ့ဆင့်နောက်ဆင့် ဆွတ်ခူးထားကြပါတယ် ။

ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာက ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံနေတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မဲခွဲရလဒ် အပေါ် အခုလိုပဲ မှတ်ချက်ပေးသွားပါတယ် ။

ပေါ်တာ က ” ဒါက စိတ်လှုပ်ရှားနေတဲ့ ခံစားချက်မျိုး ဖြစ်ပါတယ် ။ ကျွန်တော်တို့ ချန်ပီယံလိဂ် ဖလား ယူဖို့ ကြိုးစားကြမယ်လို့ ကျွန်တော် ဒီမတိုင်ခင်က ပြောခဲ့ပြီးပါပြီ ။ ကျန်တဲ့ အခြား ကလပ် ၇သင်းဟာလည်း ခံယူချက် ထိုနည်းတူ ဖြစ်ကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ”

” တကယ် ကစားရမယ့် အချိန် ရောက်မှ ကျွန်တော်တို့ ရီးရဲလ်မက်ဒရစ် အကြောင်း အာရုံစိုက်ကြပါမယ် ။ ဒါပေမယ့် အခု လောလောဆယ်တော့ ကျွန်တော်တို့ရဲ့ အာရုံဟာ မနက်ဖြန် ကစားမယ့် အဲဗာတန်နဲ့ ပွဲမှာပဲ ရှိနေပါတယ် ။ ကျွန်တော်ဆိုလည်း အဲဗာတန်နဲ့ ပွဲသာ အာရုံစိုက်မိမှာပါပဲ ။ ဘာလို့လဲဆိုတော့ ချန်ပီယံလိဂ်က အဝေးကြီး လိုသေးလို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ရီးရဲလ်မက်ဒရစ်ဖက်ကတော့ နည်းပြ ကာလို အန်ဆယ်လော့တီ ၊ ဂိုးသမား သီဘောက် ကော်တွိုက်စ် ၊ ခံစစ်မှူး အန်တိုနီယို ရူဒီဂါနဲ့ တောင်ပံကစားသမား အီဒင် ဟာဇက်တို့ အသင်းဟောင်းနဲ့ ရင်ဆိုင်ကြရခြင်း ဖြစ်ပါတယ်။