စံချိန်သစ် ယူမယ့် မက်ဆီ၊ နှုတ်ထွက်သွားတဲ့ ရက်ဖို့ဒ်၊ ဂန်းနားတို့ ညာနောက်ခံ ပစ်မှတ်နဲ့ ဘောလုံး ထူးခြား သတင်းများ
အာဆင်နယ်အသင်းဟာ ဂါလာတာစာရေး ညာနောက်ခံလူ Sacha Boey ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်း ထွက်လာပါတယ်။ ၂၂ နှစ်အရွယ်ကြယ်ပွင့် ကစားသမားဟာ ဒီရာသီမှာ တူရကီကလပ်အတွက် စွမ်းဆောင်ရည် ကောင်းတွေ ပြသထားပြီး ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ် ထားပါတယ်။
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ရက်ဖို့ဒ် ဟာ ဒဏ်ရာကြောင့် ဒီလထဲ ကစားမယ့် အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ လူစာရင်းကနေ နှုတ်ထွက်ခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားပြီး ပြိုင်ပွဲစုံမှာ ၂၇ ဂိုးသွင်းယူထားပါတယ်။ ရက်ဖို့ဒ်ဟာ ဖူလ်ဟမ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဒဏ်ရာပြဿနာ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။
လီဗာပူးအသင်းဟာ ချဲလ်ဆီးကွင်းလယ်လူ မေဆန်မောင့်နဲ့ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ခေါ်ယူလိုက်ရင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်နိုင်မှာဖြစ်တယ်လို့ ပေါမာဆန်က မှတ်ချက်ပြုခဲ့ပါတယ်။
ဒါပေမယ့် ချဲလ်ဆီးအနေနဲ့ မေဆန်မောင့်ကို လီဗာပူးထံ ရောင်းချမှာ မဟုတ်ကြောင်း၊ ပြီးခဲ့တဲ့ရာသီက မောင့်ဟာ ချဲလ်ဆီးရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့ကြောင်းလည်း ပေါမာဆန်က ဆိုခဲ့ပါတယ်။
လီဗာပူးကစားသမားဟောင်း အင်းနရစ်က အာဆင်နယ် တောင်ပံကစားသမားဆာကာကို လီဗာပူးအသင်းမှာ ကစားတာ တွေ့မြင်လိုတယ်လို့ ဆန္ဒပြုခဲ့ပါတယ်။

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုအနေနဲ့ နည်းပြသစ်မာတီနက်ဇ်ရဲ့လက်အောက် ပေါ်တူဂီအသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ လေ့ကျင့်ခန်းဆင်းလျက်ရှိနေပါတယ်။ ၃၈ နှစ်အရွယ် ဝါရင့်ကစားသမားဟာ လာမယ့် လက်ချင်စတိန်း၊ လတ်ဇင်းဘတ်တို့နဲ့ ကစားမယ့် ယူရိုခြေစစ်ပွဲတွေအတွက် နည်းပြသစ်မာတီနက်ဇ်ရဲ့ လူစာရင်းမှာ ရွေးချယ်ထားခြင်း ခံထားရပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ က လာမယ့်နိုင်ငံတကာရက်သတ္တပတ်မှာ ခမ်းနားတဲ့ စံချိန်မှတ်တမ်းနှစ်ခုကို ရသွားဖို့ ရှိနေပါတယ်။

အဲဒါကတော့ မက်ဆီအနေနဲ့လက်ရှိမှာ ကစားသမားဘဝတစ်လျှောက် ၇၉၉ ဂိုးသွင်းယူထားပြီး တစ်ဂိုး သွင်းနိုင်ရင် ဂိုး ၈၀၀ ပြည့်မြောက်မှာပါ။ အာဂျင်တီးနားအတွက်လည်း မက်ဆီဟာ ၉၈ ဂိုးသွင်းယူထားပြီး နှစ်ဂိုး သွင်းနိုင်ရင် ဂိုး ၁၀၀ ပြည့်မြောက်မှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ တိုက်ရိုက်အနီကတ် ပြသခံခဲ့ရတဲ့ ဖူလ်ဟမ်တိုက်စစ်မှူး မီထရိုဗစ်အနေနဲ့ ကာလရှည်ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ အက်ဖ်အေရဲ့ အစီရင်ခံစာထဲမှာတော့ မီထရိုဗစ်ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချထားခဲ့တာပါ။