ပေါင် ၄ သန်းတန် တိုက်စစ်သမားကို ခေါ်ဖို့ အပြိုင် ဖြစ်နေတဲ့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ မန်စီးတီး
ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်တဲ့ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ မန်စီးတီးတို့ဟာ လိဒ်စတား ဂွန်နာတိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။
လိဒ် ယူနိုက်တက် တိုက်စစ်သမား ဂွန်နာတိုဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဇူးရစ်အသင်းထံကနေ လိဒ်အသင်းထံ ပြောင်းလာခဲ့တာဖြစ်ပြီး စီနီယာအသင်းမှာ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ဖလားအပြီးကတည်းက ဂွန်နာတိုတစ်ယောက် ပွဲတိုင်းနီးပါးပါဝင်ခွင့်ရရှိခဲ့ကာ ၂ ဂိုးသွင်း ၊ ၃ ဂိုး ဖန်တီးနိုင် ခဲ့ပါတယ်။ အသက် ၁၉ နှစ်သားဟာ အင်္ဂလန်မှာ လျင်လျင်မြန်မြန်အထိုင်ကျခဲ့တာဖြစ်ပြီး သူ့ရဲ့တစ်ဦးချင်း ကျော်ဖြတ်မှု စွမ်းရည် နဲ့ ခွန်အားတွေကြောင့် လူသိများလာခဲ့ပါတယ်။

ဂွန်နာတိုဟာ စနေနေ့က ဝုဗ်အသင်းကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲတုန်းက ၁ ဂိုး ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး အသင်းကို နိုင်ပွဲရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အခုတော့ ဂွန်နာတို ကို နွေရာသီမှာ အသင်းကြီးတွေက မျက်စိကျလာခဲ့တာဖြစ်ပါတယ်။
အီတလီသတင်းတွေအရ ဂွန်နာတိုကို အာဆင်နယ် ၊ ချဲလ်ဆီး နဲ့ စီးတီးတို့က ပစ်မှတ်ထားနေကာ လိဒ်အနေနဲ့ တန်းဆင်းခဲ့ရမယ်ဆိုရင် လက်လွှတ်ရဖို့များနေပါတယ်။
လိဒ်အသင်းဟာ ဂွန်နာတိုကို ပေါင် ၄ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး နွေရာသီမှာတော့ အဆိုပါ ပမာဏထက်များမှသာ ရောင်းချဖွယ် ရှိနေပါတယ်။ ၂၀၂၂ ရွှေဘောလုံးဆုလျာထားစာရင်းထဲမှာ ပါဝင်ခဲ့တဲ့ ဂွန်နာတိုဟာ ဖိုင်နယ် ၂၀ ထဲမှာ လည်း ပါဝင်ခဲ့ပြီး ဂါဗီက အဆိုပါဆုကိုရရှိခဲ့တာဖြစ်ပါတယ်။
ဂွန်နာတိုဟာ ဇန်နဝါရီတုန်းက ကာဒစ်ဖ်ကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး နည်းပြဟောင်း ဂျက်ဆီမာ့ချ်ကိုယ်တိုင် ချီးကျူးခဲ့တာဖြစ်ပါတယ်။
“တကယ့်ကို ကောင်းတဲ့ကောင်လေးပါ။ အရမ်းဉာဏ်ရှိပြီး အလုပ်လည်းကြိုးစားသလို ထိပ်တန်း ကစားသမား ဖြစ်လာနိုင်တဲ့ကောင်လေးပါ။ အများကြီးတိုးတက်လာဦးမယ်လို့ ကျွန်တော်မြင်ပါတယ်”လို့ ဂျက်ဆီမာ့ချ်က ပြောကြားခဲ့ပါတယ်။