မန်ယူအသင်း ဖလားကြီးတွေ အနိုင်ရရေး နွေအပြောင်းအရွှေ့မှာ တန်ဟက် ဘယ်သူတွေကို ရှင်းရမလဲ ခေါ်ရမလဲ

နည်းပြတန်ဟက်လက်ထက် ယူနိုက်တက်ဟာ ကာရာဘောင်းဖလားရ၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်မှာ နောက်တဆင့်တက်ပြီး ထိပ်ဆုံးလေးနေရာအတွက် ကောင်းကောင်းစိန်ခေါ်နိုင်နေတယ်ဆိုပေမယ့် ဒါက အစပဲရှိပါသေးတယ်။

အဲရစ်တန်ဟက်ဟာ မန်ချက်စတာယူနိုက်တက်ကို သူလိုချင်တဲ့နေရာ ရောက်စေဖို့ လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ အသင်းရောင်းတဲ့ကိစ္စက ရှေ့ဆက်နေသလို နွေရာသီမှာ တန်ဟက် ဘာတွေလုပ်သွားနိုင်သလဲကို အင်္ဂလန်သတင်းဌာန Mirror က အခုလို ဖော်ပြလာပါတယ်။

နှုတ်ဆက်ချိန်တန်ပြီ

မလိုအပ်တော့တဲ့ ကစားသမားတချို့ကို ဖယ်ရှားဖို့ အချိန်တန်ပါပြီ။ မာရှယ်ကနေ စရမှာဖြစ်ပြီး သူဟာ နွေရာသီမှာ စာချုပ်တစ်နှစ် ကျန်နေဦးမှာဖြစ်လို့ ရောင်းမယ်ဆိုရင် သင့်တင့်တဲ့ ပမာဏတစ်ခု ရနိုင်မှာပါ။ ဗက်ဟော့စ်ကိုလည်း အငှားစာချုပ်ပြီးရင် ထပ်ခေါ်ထားမှာ မဟုတ်ပါဘူး။

အီလန်ဂါကိုတော့ ပရီးမီးယားလိဂ် ကလပ် တစ်သင်းထံ အငှားချနိုင်ပြီး တစ်နှစ်အကြာ နောက်နှစ်နွေရာသီမှာ သူ့ကို ရောင်းလို့ဖြစ်ပါတယ်။ မက်ဂွိုင်းယား အသင်းကနေ ထွက်သွားတာက အားလုံးအတွက် အဆင်ပြေဆုံး ဖြစ်မှာပါ။ ယူနိုက်တက်မှာ သူကစားချိန်မရရင် အင်္ဂလန်အသင်းမှာပါ နေရာပျောက်နိုင်တာကို သူသိပါတယ်။

မက်ဂွိုင်းယား နောက်မှာ ဒီဂီယာကလည်း စာချုပ်သက်တမ်းကုန်ရင် ယူနိုက်တက်နဲ့ အဆုံးသတ်ရနိုင်ပါတယ်။ ဂိုးသမားကို လုပ်ခအများကြီး ပေးထားတာက အကြံကောင်း မဟုတ်သလို သူ့ရဲ့ အပြောင်းအရွှေ့ဟာ တန်ဟက်လက်အောက် ခေတ်သစ်တစ်ခု စတင်ဖို့ ပိုထင်ရှားတဲ့ အရိပ်အယောင်တစ်ခု ဖြစ်စေမှာပါ။

တော်မီနေးဟာ ၂၀၂၅ မတိုင်ခင်အထိ စာချုပ်ရှိပေမယ့် တန်ဟက် လက်အောက် ဦးစားပေးမခံရတာနဲ့အတူ တခြားနေရာတစ်ခုကို သွားခွင့်ပြုလိုက်သင့်ပါတယ်။

အဲရစ်ဘာယီလည်း စာချုပ်မှာ နောက်တစ်နှစ်ပဲ ကျန်တော့တာဖြစ်ပြီး တွမ်ဇီဘီက နွေရာသီမှာ သက်တမ်းကုန်မှာပါ။ ဒင်းဟန်ဒါဆန်ကိုလည်း အသစ်ကနေ ပြန်စဖို့ အသင်းကနေ ထွက်ခွာခွင့်ပေးရမှာပါ။ အဲလက်စ်တဲလက်စ်ကတော့ ဆီဗီလာမှာ အငှားစာချုပ်ပြီးရင် အသင်းကနေ ပြောင်းရွှေ့ရမယ့်သူ ဖြစ်ပါတယ်။

ကစားသမားသစ်ခေါ်ယူမှု

ဟယ်ရီကိန်းဟာ စပါးကနေ ထွက်မယ်ဆိုရင်တောင် ပရီးမီးယားလိဂ်မှာပဲ ဆက်နေပါလိမ့်မယ်။ ယူနိုက်တက်မှာ နံပါတ်၉ အထောင်နေရာက ရှင်းရှင်းကြီး လွတ်နေတာပါ။ စာချုပ်တစ်နှစ်သာ ကျန်တော့တဲ့ အသက် ၃၀ အရွယ် ကစားသမားအတွက် ပေါင်သန်း ၁၀၀ လောက်တော့ ပေးရပါမယ်။

ကွင်းလယ်ကို အင်အားမြှင့်တင်ဖို့အတွက် အငှားရာသီပြီးရင် ဆာဘစ်ဇာကို အပြီးဝယ်လို့ရပါတယ်။ အဲရစ်ဆင်နဲ့ ဗန်ဒီဘိခ်တို့ ပြန်လာရင် ပိုပြီး အားရနိုင်မှာပါ။ လူငယ်ခြေတက်ထဲက အားဖြည့်မှုလုပ်ဖို့ လိုအပ်တယ်ဆိုပေမယ့် မက်ဘရီလည်း ပြန်လာမှာဖြစ်လို့ နောက်တစ်ရာသီတော့ ဆက်သွားဖို့ လုံလောက်ပါတယ်။

ယူနိုက်တက် ပိုက်ဆံ အများကြီးသုံးဖို့ လိုအပ်နေသေးတဲ့ အခြားနေရာတွေက ဂိုးသမားနဲ့ ခံစစ်အတွက်ပဲ ဖြစ်ပါတယ်။ ဂိုးသမား ဒေးဗစ်ရာယာဟာ ဘရန့်ဖို့ဒ်က ပေးတဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာကြောင့် ဒီနွေမှာ သူ့ကို ဝယ်ယူဖို့ အကောင်းဆုံးအချိန်ပါပဲ။

မက်ဂွိုင်းယားနေရာ အစားထိုးဖို့အတွက် ဝမ်ဘစ်ဆာကို အချိန်ပြည့် ခံစစ်မှူးအဖြစ် သုံးပြီး တိုက်စစ်ပိုအားသန်တဲ့ ညာနောက်ခံလူ နောက်တစ်ယောက် ခေါ်လိုက်ရင် ကောင်းပါလိမ့်မယ်။ တန်ဟက်ရဲ့ တနိုင်ငံတည်းသား ဒန်ဇယ် ဒမ်ဖရိုင်းဟာ ဒီနေရာမှာ အသင့်တော်ဆုံးဖြစ်ပြီး ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်မှာပါ။

ဒါတွေအားလုံး လုပ်လိုက်ရင်တော့ ယူနိုက်တက်အတွက် အဆင်ပြေ ပြည့်စုံတဲ့ နွေရာသီတစ်ခု ဖြစ်စေပါလိမ့်မယ်။