ကိန်း၊ အော်စီမန်တို့လို နာမည်ကြီးတွေထက် မန်ယူ ခေါ်ယူသင့်တဲ့ တိုက်စစ်မှုးကို ပေါစခိုးလ် ထောက်ပြ

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီနွေရာသီမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းကာ လာမည့် ရာသီ အဓိက ဆုဖလားတွေကို စိန်ခေါ်နိုင်ရန် ပြင်ဆင်သွားဖို့ ရှိနေပါတယ်။

ယူနိုက်တက်ဟာ နွေရာသီမှာ တော့တင်ဟမ်နဲ့ စာချုပ်ကုန်ခါနီး ဟယ်ရီကိန်းနဲ့ နာပိုလီမှာ ဂိုးတွေ တောက်လျှောက် သွင်းယူနေတဲ့ အော်စီမန် တို့ကို ပစ်မှတ်ထားနေပါတယ်။

ယူနိုက်တက် ဂန္တဝင်ကစားသမား ဖြစ်သူ ပေါလ်စခိုး ကတော့ သူ့ရဲ့ အသင်းဟောင်း အနေနဲ့ အဆိုပါ နာမည်ကြီးပစ်မှတ်တွေထက်စာရင် အင်တာမီလန် တိုက်စစ်မှုး လော်တာရိုမာတီနက် ကိုသာ ခေါ်ယူသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။

စခိုးက “ကျနော်ကတော့ ဟယ်ရီကိန်း အနေနဲ့ ဒီအချိန်မှာ တော့တင်ဟမ် ကနေ ပြောင်း‌ရွေ့ဖြစ်လိမ့်မယ်လို့ မထင်မိပါဘူး။ စပါး ဥက္ကဌ ဒန်နီရယ်လီဗီနဲ့ ဆွေးနွေးမှု လုပ်ရတာကလည်း တကယ့်ကို ရှုပ်ထွေးလှတယ်။

ဈေးကွက်ထဲမှာ အော်စီမန် တို့လို တိုက်စစ်မှုးတွေလည်း ရှိနေပါသေးတယ်။ ကျနော် သူ့ရဲ့ ကစားပုံကို သိပ် အများကြီးတော့ မမြင်ဖူးပါဘူး။ ဒါပေမယ့် သူဟာ ဒရော့ဘာလို ကစားသမားမျိုးလို့ ကျနော် ထင်ပါတယ်။ သူဟာ ယူနိုက်တက်ထက်စာရင် ချဲလ်ဆီးတို့ အလိုရှိတဲ့ တိုက်စစ်မှုး ပုံစံမျိုး ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ် ။

ဆက်လက်ပြီး စခိုးက သူ့အနေနဲ့ ဟယ်ရီကိန်း အော်စီမန် တို့ထက်စာရင် အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ တိုက်စစ်မှုး ဖြစ်သူ လော်တာရိုမာတီနက် ကို မန်ယူနိုက်တက် အတွက် အလို ရှိတယ်လို့ ပြောသွားပါတယ်။

စခိုးက “ကျနော်ကတော့ အင်တာမီလန်ရဲ့ လော်တာရိုမာတီနက် ကို နှစ်သက်ပါတယ်။ သူဟာ အဲရစ်တန်းဟတ် လိုချင်တဲ့ တိုက်စစ်မှုးမျိုးလို့ ကျနော် ထင်ပါတယ်။ တန်းဟတ်ဟာ ပြေးလွှားနိုင်ပြီး ကစားပုံ aggressive ဖြစ်ကာ ပြိုင်ဘက်ခံစစ်ကို လိမ်ခေါက်ကျော်ဖြတ်နိုင်တဲ့ တိုက်စစ်မှုးမျိူးကို နှစ်သက်သူပါ။ ရွေးချယ်စရာတွေ ရှိနေပါတယ်။

ဈေးကွက်ထဲမှာ ကိန်း အော်စီမန် တို့အပြင် အခြား ရွေးချယ်စရာ တိုက်စစ်မှုးတွေ ရှိနေပါတယ်။ ကျနော်တို့ တိုက်စစ်မှုး တစ်ဦးလောက် ခေါ်ယူနိုင်ဖို့ မျှော်လင့်မိပါတယ်။” လို့ ပြောသွားပါတယ်။