ပီအက်စ်ဂျီ၊ ချယ်ဆီးတို့နဲ့ ပြိုင်ဆိုင်ပြီး မန်ယူအသင်း ချိတ်ဆက်နေတဲ့ ကစားသမားကို ရိုမန်နို သတင်းပေး
ယူနိုက်တက်ဟာ ဒီနွေမှာတော့ တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူဖို့ သေချာပေါက် ကြိုးစားသွားမှာ ဖြစ်ပါတယ်။
ဒီရာသီမှာ အမှတ်ပေးဇယား ထိပ်ဆုံး ၄ သင်းစာရင်းထဲ ခိုင်ခိုင်မာမာ ရပ်တည်နေတဲ့ ယူနိုက်တက်ဟာ ကြီး ၆ ကြီးထဲမှာ ချယ်ဆီးကလွဲရင် ဂိုးပေါင်း အနည်းဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။ အသင်းမှာ ရက်ဖိုဒ့်ကလွဲရင် ဂိုးသွင်းယူနိုင်မယ့် အသင်းသား နည်းပါးခြင်းဟာ တန်ဟက်အတွက် အဓိက ခေါင်းစားစရာ ဖြစ်နေပါတယ်။
ဒါကြောင့်ပဲ ယူနိုက်တက်မှာ လွတ်နေတဲ့ အထောင်တိုက်စစ်မှူး နေရာအတွက် စပါးအသင်းနဲ့ စာချုပ်တစ်နှစ်သာ ကျန်တော့တဲ့ အသက် ၃၀ အရွယ် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူရေး စိတ်ဝင်စားသလို နာပိုလီမှ အိုဆင်ဟမ်ကိုလည်း ချိန်ရွယ်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့်လို့ ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်း အင်အားဖြည့်ရေးကိုလည်း ချန်လှပ် မထားပါဘူး။ ဒီနွေမှာ တော်မီနေးကို ရောင်းထုတ်နိုင်ပြီး ဘန်ဒီဘိခ်ရဲ့ အနာဂတ်ကလည်း မသေချာတော့ချိန်မှာ ငယ်ရွယ်ပြီး ကစားအားကောင်းတဲ့ ကွင်းလယ်လူမျိုး ခေါ်ယူဖို့ကို တန်ဟက်က ရည်ရွယ်ထားပါတယ်။

အပြောင်းအရွှေ့ သတင်းထောက် ရိုမန်နိုက “ ကျနော် နားလည်ထားတာကတော့ ဒီအခြေအနေမှာ မန်နူကိုနေးကို ခေါ်ယူဖို့ ချယ်ဆီး၊ ယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့ ရှိနေပါတယ်။ ယူနိုက်တက်က ကစားသမားကို စောင့်ကြည့်နေတာပါ။
အခြားကလပ်တွေလည်း သူ့ကို ခေါ်ယူရေး ပြိုင်ဆိုင်မှုထဲ ဝင်လာနိုင်ပေမယ့် ဒီသုံးသင်းကတော့ ကိုနေးရဲ့ အခြေအနေကို တီးခေါက်ထားကြပြီးပါပြီ။ ဒီတော့ သူနဲ့ ပတ်သက်လို့ ဒီနွေမှာ စောင့်ကြည့်ကြတာပေါ့။ ကျနော် နားလည်ထားတာကတော့ ဒီနွေမှာ သူ့အတွက် ချိန်ဆက်မှုဟာ ယူရို သန်း ၅၀ လောက် ရှိပါလိမ့်မယ်။ ” လို့ ဖော်ပြထားခဲ့တယ်။
အသက် ၂၁ နှစ်အရွယ် ဂလတ်ဘတ် ကွင်းလယ်လူဟာ ကွင်းလယ် နေရာစုံမှာ ကစားနိုင်သူ ဖြစ်ပါတယ်။ ဒါဟာ ကက်စမီရို၊ အဲရစ်ဆန်တို့နဲ့အတူ ပေါက်ကွဲအား ကောင်းကောင်း ကစားနိုင်သူတစ်ဦးကို နည်းပြတန်ဟက် ရှာဖွေနေခြင်းပဲ ဖြစ်ပါတယ်။