မန်ယူ ကမ်းလှမ်းတဲ့ သက်တမ်းတိုး စာချုပ်သစ်ကို ဒေးဗစ် ဒီဂီယာ ငြင်းဆန်ထား
မန်ချက်စတာယူနိုက်တက် အသင်းဂိုးသမား ဒီဂီယာဟာ အသင်းထံမှ ရောက်ရှိလာတဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချထားကြောင်း သတင်းရရှိပါတယ်။
လက်ရှိ မန်ယူအသင်းထံမှ တစ်ပါတ် လုပ်ခပေါင် ၃၇၅၀၀၀ အထိ ရရှိနေတဲ့ ဒီဂီယာကို မန်ယူအသင်းက လက်ရှိ လစာထက် များစွာနည်းပါးတဲ့ ပမာဏ အသုံးပြုကာ စတင် ကမ်းလှမ်းလိုက်တာဖြစ်ပြီး ကစားသမားဘက်ကလည်း ချက်ချင်းဆိုသလို ပယ်ချလိုက်တာ ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

မန်ယူအသင်းအတွက် ပွဲပေါင်း ၅၀၀ ကျော် ကစားပေးထားတဲ့ ဒီဂီယာဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက မန်ယူအသင်းထံ စတင် ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အသင်းရဲ့ ဂန္တဝင် ဂိုးသမားဟောင်း ပီတာရှ မိုက်ကယ်ရဲ့ ပေးဂိုးမဲ့ ပွဲ စံချိန်ကို ၁၈၃ ကြိမ်နဲ့ ကျော်ဖြတ်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
အသင်းတိုက်စစ်မှူးဟောင်း ဆန်းချက်ဇ်ရဲ့ တစ်ပါတ် ပေါင် ၄သိန်းဆိုတဲ့ စာချုပ်ချုပ်ဆိုမှုပြီးနောက် ဒီဂီယာဟာ ၎င်းရဲ့ လက်ရှိ လစာ ရရှိဖို့ အသင်းစီအီးအို ဝုဒ်ဝါ့ဒ်ထံ တောင်းဆိုခဲ့တာဖြစ်ပြီး ထို အချိန်တုန်းက အသင်းက ခွင့်ပြုပေးခဲ့ပေမယ့် ဒီတကြိမ် မှာတော့ တန်ဟတ်ဂ်ဦးဆောင်နေတဲ့ အဖွဲ့ ဒီဂီယာကို လစာလျှော့ချဖို့ ပြန်လည် ပြင်ဆင်နေကြတာ တွေ့ရပါတယ်။
အကယ်၍ ဒီဂီယာဟာ အသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပါက ကစားသမားကို အသင်းမှ ထွက်ခွါခွင့်ပြုသွားဖို့ မန်ယူအသင်းဘက်က ဆုံးဖြတ်လာမှာပါ။
ဖောရက်စ်အသင်းထံ အငှားချထားတဲ့ ဂိုးသမား ဟန်ဒါဆန်က အသင့်အနေအထားမှာ ရှိနေတာကြောင့် ဒီဂီယာတစ်ယောက် မကြာခင် အချိန်အတွင်း အဖြေပေးသွားရတော့မှာ ဖြစ်ပါတယ်။