မန်စီးတီး ကြယ်ပွင့်ဟောင်းကို ခေါ်ယူရေး မန်စီးတီးနဲ့အပြိုင် ကြိုးစားသွားမယ့် မန်ယူ

မန်ချက်စတာ ယူနိုက်တက်ဟာ နွေမှာ ကွင်းလယ်ပိုင်း အင်အားဖြည့်ဖို့ ကြယ်ပွင့်များစွာကို ကြည့်ရှုနေပြီး ဆောက်သမ်တန် ကစားသမား လာဗီယာကို နှစ်သက် သဘောကျနေတယ်လို့ သိရပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ဘယ်လ်ဂျီယံ လူငယ်ကြယ်ပွင့် လာဗီယာက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ မန်ချက်စတာ စီးတီး ကနေ ဆောက်သမ်တန်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၂သန်းကျော်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်သူပါ။

လာဗီယာက ကွင်းလယ်ခံစစ် နေရာမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပြီး သူ့ရဲ့ ရှည်လျားတဲ့ အရပ်အမောင်း ၊ နည်းစနစ်ပိုင်း ကြွယ်ဝမှုနဲ့ ပင်ကိုယ် ကြံ့ခိုင်မှုတို့ကြောင့် ဝက်ပရော့စ်နဲ့ တွဲဖက်ကာ ဆောက်သမ်တန်ရဲ့ ကွင်းလယ်ကို ထိန်းကျောင်းခွင့် ရထားပါတယ်။

လာဗီယာက ဆောက်သမ်တန် အတွက် စုစုပေါင်း ၂၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်စီးတီး၊ မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပရဲ့ ထိပ်သီးတွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပါတယ်။

လာဗီယာကလည်း ဆောက်သမ်တန်မှာ ပုံမှန် ပွဲထွက်ခွင့် ရနေပေမယ့် ဆောက်သမ်တန်ကသာ တန်းဆင်းခဲ့ရရင် လာဗီယာဟာ အသင်းကို အရင်ဆုံး စွန့်ခွာမယ့် ကစားသမားတွေထဲ ပါဝင်နေပါတယ်။

လာဗီယာရဲ့ ဖခင်ဖြစ်သူက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ သူ့သားရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်က တော်မီနေးကို ရောင်းချပြီးရင် သူ့ရဲ့နေရာ အတွက် လာဗီယာကို ပြန်လည် ခေါ်ယူချင်နေတာ ဖြစ်ကြောင်း သိရပါတယ်။