ဆာအဲလက်စ် ဖာဂူဆန် မန်ယူမှာ လုပ်ခဲ့သလိုမျိုး သူ မလုပ်နိုင်လောက်ဘူးလို့ အဲရစ်တန်ဟက် ဆိုလာ

မန်ချက်စတာ ယူနိုက်တက်အတွက် ဆာအဲလက်စ် ဖာဂူဆန် လုပ်ဆောင်ပေးခဲ့သလိုမျိုး သူစွမ်းဆောင်နိုင်မှာ မဟုတ်ဘူး လို့ အဲရစ်တန်ဟက် ဝန်ခံပြောကြားလာပါတယ်။

“သူက ပြည်တွင်း ကစားသမားတွေနဲ့ အသင်းကို ဟန်ချက်ညီအောင် လုပ်ခဲ့ပြီး ကြယ်ပွင့်ကစားသမားတွေကို ထပ်ဖြည့်ရင်း အောင်မြင်မှုတွေကို တည်ဆောက်ပြခဲ့တာပဲ…။

ကန်တိုနာ၊ နက်စတယ်ရွိုင်း၊ ဗန်ပါစီ၊ ဝိန်းရူနီတို့လို ထူးချွန်ကစားသမားတွေကို ကိုင်တွယ်နိုင်ရုံသာမက အသင်းဟာ ကစားသမားတစ်ဦးချင်းရဲ့ အထက်မှာရှိတယ်ဆိုတာကိုပါ အဲလက်စ်ဖာဂူဆန်က လုပ်ပြခဲ့ပါတယ်။

ဒါက သူလုပ်ပြခဲ့တဲ့ အရေးကြီးဆုံး အရာတွေထဲက တစ်ခု လို့ ကျွန်တော် ထင်ပါတယ်။ အောင်မြင်တဲ့ အသင်း တစ်သင်းကို တစ်ကြိမ်တည်ဆောက်နိုင်ဖို့ဆိုတာ ခက်ခဲနေပြီလို့ ကျွန်တော် ထင်တယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒါပေမဲ့သူက အကြိမ်ပေါင်းများစွာ လုပ်ပြနိုင်ခဲ့ပါတယ်။” ဆိုပြီး ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က Premier League Hall of Fame စာရင်းမှာ ထည့်သွင်း ဖော်ပြခံရတဲ့ ဂန္ထဝင် နည်းပြကြီးဖာဂူဆန်ကို ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

အသက်(၈၁)နှစ်အရွယ်ရှိပြီဖြစ်သူ ဖာဂူဆန်ဟာ ယူနိုက်တက်နည်းပြဘ၀ (၂၆)နှစ်တာကာလအတွင်း ပရီးမီးယားလိဂ် (၁၃)ကြိမ်၊ FA ဖလား(၅)ကြိမ်၊ ချန်ပီယံလိဂ်(၂)ကြိမ်အပါအဝင် ဆုဖလားပေါင်း(၃၈)ခုအထိ ရယူပေးခဲ့ပါတယ်။

ဒါ့အပြင် ဖာဂူဆန်ဟာ ပရီးမီးယားလိဂ်ဖလားကို (၃)ကြိမ်ဆက်ရယူနိုင်တဲ့ တစ်ဦးတည်းသောနည်းပြ၊ စံချိန်တင်နိုင်ပွဲ (၅၂၈)ပွဲအထိ ရယူနိုင်ခဲ့သူဖြစ်ခဲ့သလို သူ့လက်ထက်အတွင်း ယူနိုက်တက်အသင်းက စုစုပေါင်း(၁,၆၂၇)ဂိုးအထိ သွင်းယူနိုင်တာကြောင့် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးစံချိန်တွေ တင်ရှိနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်ဟာ ဂန္ထဝင်နည်းပြတွေကို Premier League Hall of Fame စာရင်းမှာ စတင် ရွေးချယ်ဂုဏ်ပြုနေပြီး ယူနိုက်တက်၊ အာဆင်နယ်အသင်းတွေနဲ့ ကြီးမားတဲ့အောင်မြင်မှုတွေ ရယူနိုင်ခဲ့ကြတဲ့ ဖာဂူဆန်နဲ့ အာစင်ဝင်းဂါးတို့ကို အခုစာရင်းမှာ ထည့်သွင်းဂုဏ်ပြုခဲ့ပါတယ်။

အဲရစ်တန်ဟက်က “ယူနိုက်တက်အသင်းအတွက် သမိုင်းဝင် အောင်မြင်မှုမှတ်တမ်းတွေနဲ့ အမွေအနှစ်ကောင်းတွေကို အဲလက်စ်ဖာဂူဆန်က ချန်ထားနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ဖာဂူဆန်ဆိုတာ အမြဲတမ်းတစ်သားတည်းဖြစ်နေပြီး သူက အသင်းကို အမြင့်ဆုံးစံနှုန်းတွေနဲ့ အမြင့်ဆုံး တန်ဖိုးရောက်ရှိစေခဲ့သလို နိုင်လိုစိတ်ပြင်းထန်တဲ့အသင်းတစ်သင်းဖြစ်အောင် တည်ဆောက်နိုင်ခဲ့ပါတယ်။

သူက ထိပ်တန်း ဘောလုံးလောကမှာရှိတဲ့ မန်နေဂျာတိုင်းအတွက် လေးစားစရာ လမ်းညွှန်မှုတစ်ခုပါ။ အသင်းတွေကို ဘယ်လိုတည်ဆောက်ပြီး ပုံသွင်းသလဲ၊ သူတို့ကို နည်းပြနည်းနဲ့ စီမံခန့်ခွဲနည်းတွေက ကျွန်တော်တို့ အများကြီး လေ့လာခွင့် ရခဲ့ပါတယ်။

ယူနိုက်တက်နည်းပြဘဝမှာ ဖာဂူဆန်က ပရီးမီးယားလိဂ်ဖလား(၁၃)ခုအထိ ဆွတ်ခူးနိုင်ခဲ့ပြီး သူ့လို အောင်မြင်မှုမျိုး ရယူနိုင်မယ့် နောက်ထပ်နည်းပြတစ်ဦးထွက်ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

နောက်ပြီး ဖာဂူဆန် ရယူခဲ့တဲ့ဆုဖလားတွေ၊ ယူနိုက်တက်နဲ့အတူ ဖလား(၃)လုံးရယူခဲ့တဲ့မှတ်တမ်းတွေဟာ ဘယ်သူမှ လိုက်မမီနိုင်တော့တဲ့အောင်မြင်တွေဖြစ်ပါတယ်။ ဖာဂူဆန်ရဲ့ အောင်မြင်မှုအတွေ့အကြုံတွေက ကြီးမားလွန်းတဲ့အတွက် ပြောစရာစကားလုံးတောင် အလုံအလောက်မရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

အဲရစ်တန်ဟက်နဲ့ ဖာဂူဆန်တို့ဟာ ခင်မင်ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး အဲရစ်တန်ဟက်ဟာ ဖာဂူဆန်နဲ့ မကြာခဏ တွေ့ဆုံပြီးလေ့ ရှိပြီး အတွေ့အကြုံကောင်းတွေကိုလည်း သင်ယူခဲ့ပါတယ်။