နည်းပြ နေရာ အတွက် ချဲလ်ဆီးအသင်း အင်တာဗျူးမယ့် နည်းပြလောင်း ၅ ဦး အမည် ထွက်ပေါ်လာ
ဂရေဟမ် ပေါ်တာကို ထုတ်ပယ် ပြီးတဲ့နောက် ချဲလ်ဆီးအသင်းဟာ လစ်လပ်နေတဲ့ နည်းပြ ရာထူး တစ်နေရာ အတွက် စပါးနည်းပြဟောင်း ပိုချက်တီနို အပါအဝင် အနည်းဆုံး ၅ ဦးအထိ အင်တာဗျူးသွားဖို့ ပြင်ဆင်နေပါတယ်။
ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်နည်းပြဟောင်း ဂရေဟမ် ပေါ်တာ ကို တနင်္ဂနွေနေ့ညနေမှာ ထုတ်ပယ်ခဲ့ပြီးနောက် စတမ်းဖို့ဒ် ဘရစ်ချ်မှာ အမြဲတမ်းနည်းပြသစ် ခန့်အပ်ဖို့အတွက် ရှာပုံတော် ဖွင့်နေပြီဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ချဲလ်ဆီး အသင်းပိုင်ရှင်သစ်တွေဟာ ယခုရာသီမှာ ကစားသမားသစ် ခေါ်ယူမှုတွေအတွက် ပေါင်သန်း ၆၀၀ နီးပါး သုံးစွဲခဲ့ပေမယ့်လည်း အသက် ၄၇ နှစ်အရွယ် နည်းပြဟာ ၃၁ ပွဲ တာဝန်ယူကိုင်တွယ်ခဲ့ရာမှာ ၁၂ ပွဲသာ နိုင်ပွဲ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘရိုက်တန် ကွင်းလယ်လူဟောင်း ဘရူနို ဆော့တာက အင်္ဂါနေ့ည လီဗာပူးလ်နဲ့ ကစားသွားရမယ့် ပွဲစဉ်အတွက် ယာယီ နည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်သွားမှာဖြစ်ပြီး ချဲလ်ဆီးအသင်း ထိပ်ပိုင်းတာဝန်ရှိသူတွေက နည်းပြသစ် ခန့်အပ်ဖို့ ကိစ္စကို ရာသီကုန်တဲ့အထိ စောင့်ဆိုင်းသွားချင်တဲ့ ဆန္ဒရှိနေပြီး အနည်းဆုံး ၅ ဦးအထိ အင်တာဗျူး သွားချင်နေတယ်လို့ သိရပါတယ်။
အင်္ဂလန် သတင်းတွေ အဆို အရ ချဲလ်ဆီးအားကစားဒါရိုက်တာ လောရင့်စ် စတီးဝပ်နဲ့ ပေါလ် ဝင်စတန်လီတို့ဟာ ဂျူလီယန် နာဂယ်စ်မန်းကို အင်တာဗျူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
၎င်း အပြင် စပါးနည်းပြဟောင်း ပိုချက်တီနို၊ ဘာစီလိုနာ နည်းပြဟောင်း လူးဝစ္စ အန်နရီကေး၊ နာပိုလီနည်းပြ စပယ်လက်တီနဲ့ အနည်းဆုံး နောက်ထပ်နည်းပြတစ်ဦးတို့လည်း အပါအဝင်ဖြစ်တယ်လို့ မျှော်မှန်းခြင်း ခံထားရပါတယ်။
ချဲလ်ဆီးအသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလီဟာ ချန်ပီယံလိဂ်ဖလားရယူပေးခဲ့တဲ့ နည်းပြ သောမတ်စ် တူချယ်ကို ရာသီအစမှာ ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ပိုချက်တီနိုကို အင်တာဗျူးခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဂရေဟမ် ပေါ်တာကိုသာ ယုံကြည်မှုပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။