ပေါမာဆန်ကြီးရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေ အတွက် သုံးသပ် ဟောကိန်းထုတ်မှုများ ထွက်ပါပြီ
ပေါမာဆန်ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲတွေ အတွက် ပွဲကြို သုံးသပ်ခန့်မှန်းမှုတွေကို ဖော်ပြပေးလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက်-အဲဗာတန်
အဲဗာတန်တို့အနေနဲ့ သူတို့ထက် သာလွန်တဲ့ ချဲလ်ဆီးနဲ့ စပါးစ်တို့ဆီက ဆက်တိုက် အမှတ်တွေ ခွဲယူနိုင်ခဲ့ပေမယ့် တိုက်စစ်မှာ ဂိုးသွင်းသူ မရှိတဲ့ အခြေအနေနဲ့ ခံစစ်ကလည်း အမှားတွေ လုပ်တတ်တာကြောင့် ပင်နယ်တီ အရှာတော်တဲ့ မန်ယူတို့ အိမ်ကွင်းမှာ တစ်လုံးတစ်လေတောင် ရသွားနိုင်မလား ထင်စရာပါ။

ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးပေါက်ပြန်တွေ့နိုင်မှုက သူတို့ကို ယုံကြည်မှု မြင့်တက်စေပြီး ရှောင်ဒိုက်ချ်အနေနဲ့ ဘယ်လိုပဲ ပိတ်ကစားလာပါစေ သရဲနီတွေ အနိုင်ရဖို့ ဖြစ်လာနိုင်ပါတယ်။ ကွင်းလယ်မှာ ဒူကူရေး ပွဲပယ်ခံထားရတာက ဖျက်အားလိုက်အားကို ထိခိုက်စေဦးမှာကြောင့် အိုးလ်ထရက်ဖို့ဒ်မှာ အိမ်ရှင်တွေ သာယာဦးမှာပါ။ (မန်ယူ 2-0 အဲဗာတန်)
ဝုလ်ဗ်-ချဲလ်ဆီး
ချဲလ်ဆီးတို့အတွက်တော့ အမှတ်တွေ ပက်ပက်စက်စက် လျော့နေချိန်မှာ ဝုလ်ဗ်စ်နဲ့ တွေ့လိုက်ရတာက ကန္တာရထဲက အိုအေစစ်လေးဆီ ရောက်သွားတာဖြစ်နိုင်ပါတယ်။ လိုပီတီဂီအနေနဲ့ နည်းစနစ်ပိုင်းတစ်ခုကို ဝံပုလွေဆီ သွတ်သွင်း လာနိုင်ခဲ့ပေမယ့် ခံစစ်ကစားပုံ ပိုင်နိုင်မှု မရှိသလို အရင်က ကောင်းလှပါတယ်ဆိုတဲ့ ဂိုးသမား ဂျိုဆေးဆားရဲ့ ရောင်းချမှုကလည်း အံ့ဩကုန်နိုင်ဖွယ်ပါပဲ။ ကွင်းလယ်ကနေ ခံစစ်ကြောင်းကို ကာကွယ်ပေးနိုင်မှုနည်းပြီး နောက်တန်းတွေနဲ့ ဂိုးသမားတွေကို တစ်ဖက်တိုက်စစ်တွေနဲ့ တိုက်ရိုက်ပေးတွေ့နေတဲ့ ပြဿနာက ပွဲတိုင်းမှာ ဖြစ်ပွားနေခဲ့တဲ့ ဝုလ်ဗ်စ်တို့ကို သွက်လက်တဲ့ ချဲလ်ဆီးတိုက်စစ်က ဟာဗတ်ဇ်တို့အဖွဲ့ အခွင့်ကောင်းယူနိုင်ပါလိမ့်မယ်။ ဧည့်သည်တွေအတွက် သုံးမှတ်တန်ပွဲပါ။ (ဝုလ်ဗ် 0-2 ချဲလ်ဆီး)
တော့တင်ဟမ်ဟော့စပါး-ဘရိုက်တန်
ပြီးခဲ့တဲ့နှစ်ကတော့ မြောက်လန်ဒန်မှာ ဆရာလုပ်ခဲ့တဲ့ ဘရိုက်တန်တို့အနေနဲ့ ဒီနှစ်မှာ ခံစစ်ကြောင်းက ဂိုးပေးများနေခဲ့တာကြောင့် ရမှတ်တွေ လေလွင့်နေခဲ့ပြီး တစ်ဖက်တိုက်စစ်ကောင်းခဲ့ရင် တားဆီးနိုင်ဖို့ ခက်နေခဲ့တာပါ။ နည်းပြ ဒီဇာဘီနဲ့ အသင်းသားတချို့ကြား အတွင်းကြိတ် ပြဿနာတွေ ရှိနေတယ်လို့ ထင်ရပြီး ဂိုးသမား ရောဘတ် ဆန်ချက်ဇ်ကို နည်းစနစ်ပိုင်း အကြောင်းပြပြီး ဖြုတ်ချခဲ့သလို အဖြစ်သိပ်မရှိတဲ့ စတီးလ်ကို သုံးနေခဲ့တာကြောင့် ဘရန့်ဖို့ဒ်ကို သုံးဂိုးပေးပြီးမှ နောက်က သရေလိုက်ယူခဲ့ရတာပါ။ စပါးစ်ကွင်းမှာတော့ ဒီပုံစံပဲ ဆက်ဖြစ်နေဦးမယ်ဆို မလွယ်ဘူးလို့ ဆိုရမှာဖြစ်ပြီး မီတိုမာ၊ မက္ကယ်လစ္စတာ၊ ကိုင်စီဒိုတို့ မကြိုးစားနိုင်ဘူးဆိုရင် ဟာရီကိန်းတို့ပဲ စားသွားပါလိမ့်မယ်။ (စပါးစ် 2-0 ဘရိုက်တန်)

ဆောက်သမ်တန်-မန်ချက်စတာစီးတီး
မန်စီးတီးတို့အတွက် ပွဲကျပ်တွေ မဟုတ်တောင် အလုပ်များတဲ့ အချိန်ဖြစ်နေပြီး စစ်မျက်နှာအမျိုးမျိုးဖွင့်နေချိန်မှာ ဘိုင်ယန်နဲ့ တွေ့ရဦးမှာဖြစ်လို့ အာရုံစူးစိုက်မှု လျော့နည်းသွားမလားလို့ မေးချင်စရာပါ။ ဒါပေမယ့် ဒီလိုပွဲမျိုးမှာတော့ ကြမ်းကပ် ဆောက်သမ်တန်တို့ကို မိနစ် ၆၀ နဲ့ အနိုင်ယူစွမ်းရှိနေပြီး ဟားလန်း မပါရင်လည်း တစ်နာရီအတွင်း နှစ်ဂိုးသုံးဂိုးလောက်တော့ သွင်းထားနိုင်မှာပါ။ ဂရီးလစ်ရှ်ရဲ့ ခြေစွမ်းပြနေမှု၊ ဒီဘရိုင်းနား မပါရင်တောင် ဖန်တီးမှု မြင့်မားတဲ့ ကွင်းလယ်ရဲ့ လုပ်ဆောင်နိုင်မှုတွေက အိမ်ရှင် စိန့်တို့အတွက်တော့ ဝါးနိုင်တာထက် ပိုမှာဖြစ်ပြီး ဧည့်သည်တွေပဲ အမှားအယွင်းမရှိ ရှေ့ဆက်မယ့် ပွဲလို့ ဆိုရမှာဖြစ်ပါတယ်။ (စိန့် 0-3 မန်စီးတီး)
လီဗာပူးလ်-အာဆင်နယ်
တနင်္ဂနွေနေ့ နောက်ကျပွဲ ကစားဖို့အတွက် အနိုင်ရနိုင်တဲ့ ချဲလ်ဆီးနဲ့ပွဲမှာ ဆာလားတို့ကို သိမ်းထားခဲ့တဲ့တာက ကလော့ပ်ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါ့မလားလို့ မေးချင်စရာပါ။ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ နှစ်ပွဲမှာ အာဆင်နယ်နဲ့ အိမ်ကွင်းပွဲကို နိုင်ဖို့ ရွေးခဲ့တယ်ဆိုတာ လီဗာပူးလ်တို့ရဲ့ ခုချိန်အထိ လျှော့တွက်တတ်တဲ့ စိတ်ဓာတ်ကို ကွက်ကွက်ကွင်းကွင်း မြင်ရသလိုဖြစ်နေပြီး ဒီနေ့ပွဲမှာတော့ ဖွတ်မရ ဓားမဆုံးဖြစ်သွားနိုင်ပါတယ်။ လီဗာပူးလ်တို့ ကွင်းလယ်နဲ့ ခံစစ်ကြားမှာ ဟောင်းလောင်းပေါက်ဖြစ်နေတာကို အာဆင်နယ်တို့ အသုံးချတတ်ရင် နိုင်ပွဲဆက်ဦးမှာဖြစ်ပြီး ခက်ခဲနိုင်ပေမယ့် ပရီးမီးယားလိဂ်မှာ ချန်ပီယံပြန်ဖြစ်ချင်ရင် အာတီတာတို့ ဒီပွဲကို အနိုင်ယူတတ်ရပါလိမ့်မယ်။ (လီဗာပူးလ် 1-2 အာဆင်နယ်)

အခြားပွဲ ရလဒ် ခန့်မှန်းမှုများ
ဗီလာ 3-0 ဖောရက်စ်
ဘရန့်ဖို့ဒ် 1-1 နယူးကာဆယ်
ဖူလ်ဟမ် 2-0 ဝက်စ်ဟမ်း
လက်စတာ 1-0 ဘုန်းမောက်
လိဒ်စ် 1-0 ပဲလေ့စ်