ဒီရာသီ အဝေးကွင်းပွဲတွေ ရလဒ်ဆိုးပြီး ကျိန်စာသင့်သလို ဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်
မနေ့ညက ဆီဗီလာကို ၃-၀ ဂိုးနဲ့ ရှုံးခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ မန်ယူအသင်းဟာ နိုင်လိုစိတ် ထက်သန်မှု ပျောက်ဆုံးနေပြီး ပရိသတ်တွေကို စိတ်ပျက်လက်ပျက် ဖြစ်သွား စေခဲ့တယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ဝေဖန်လိုက်ပါတယ်။
အသင်းခေါင်း ဆောင် ဟယ်ရီမက်ဂွိုင်းယား၊ ဂိုးသမား ဒေးဗစ်ဒီဂီယာတို့ရဲ့ တစ်ဦးချင်း အမှားတွေကြောင့် ယူနိုက်တက် ဟာ ဆီဗီလာကို နှစ်ကျော့ပေါင်း ရလဒ် ၂-၅ နဲ့ ရှုံးခဲ့ရပြီး ယူရိုပါလိဂ်ပြိုင်ပွဲကို ကွာတားဖိုင်နယ်အဆင့်ကနေ ကျောခိုင်းခဲ့ရ တာဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ယူနိုက်တက်ဟာ ဒီရာသီမှာ အဝေးကွင်းပြဿနာ ရှိနေတဲ့ အသင်းဖြစ်ပြီး ပရီးမီးယားလိဂ် ထိပ် သီး ၁၂ သင်းနဲ့ အဝေးကွင်း ရင်ဆိုင်တဲ့နေရာမှာ ၂၇ မှတ် အထိ ရနိုင်ခြေရှိတဲ့ အနေအထားကနေ ၈ မှတ်ပဲ ရယူနိုင်ခဲ့တာကို တွေ့ရပါတယ်။
မန်ယူအသင်းဟာ လက်ရှိမှာ အဓိက နောက်ခံလူတွေဖြစ်တဲ့ မာတီနက်ဇ်၊ ဗာရန်းတို့ကို ဆုံးရှုံးထားရတာကြောင့် နောက်တန်းမှာ အားနည်းချက်တွေရှိခဲ့ပြီး ညက ပွဲမှာ ပွဲချိန် ၇ မိနစ်မှာကတည်းက မက်ဂွိုင်းယားရဲ့ အမှားက နေတစ်ဆင့် အဖွင့်ဂိုး ပေးလိုက်ရတာပါ။
အဲဒီနောက် မန်ယူဟာ ဆီဗီလာရဲ့ ကစားကွက်အောက်ကို ရောက်သွားခဲ့ပြီး တုံ့ပြန်ဖို့ အားမရှိတော့တဲ့ အသင်း တစ်သင်းလိုမျိုး ဖြစ်သွားခဲ့ရတာပါ။
ဒါကြောင့် မန်ယူမှာ တချို့ကစားသမား တွေက အားကိုးအားထားပြုလို့ မရသေးဘူးလားဆိုတဲ့ မေးခွန်းအပေါ်မှာ နည်းပြ တန်ဟတ်က
” သူတို့ကို အားကိုးလို့ရတယ်ဆိုတာကို အတိတ်မှာ လုပ်ပြခဲ့တာမျိုးတွေတော့ ရှိတယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ကျွန်တော်တို့ ဘာမှ လုပ်လို့မရဘူး။ သိသာတယ်။ ရှင်းနေတာပဲ။ မန်ယူအသင်းဆီကနေပြီး မျှော်လင့်လို့ရတဲ့ အနေအထားမျိုး ဒီညပွဲမှာ မရှိခဲ့ဘူး။
တိုက်ပွဲဝင်လိုစိတ် နည်းနေတယ်ဆိုတာကို ကျွန်တော် သဘောပေါက်တယ်။ အဲဒါ အမှန်ပဲ။ ဒါက ခက်တယ်။ ကျပ်တည်းတယ်။ ဒါက အမှန်တရားပဲလေ။ မဖြစ်နိုင်ဘူး။ လက်ခံလို့လည်း မရဘူး။ ကျွန်တော်တို့ ချက်ချင်း ပြန်လာနိုင်တယ် ဆိုတာ အတိတ်ကာလတွေမှာ ပြသခဲ့ပါတယ်။
ဒီရာသီမှာ အဲဒါမျိုးကို အကြိမ် ကြိမ် လုပ်ပြခဲ့ဖူးတယ်။ ဒါပေမဲ့ ပွဲကို ထက်သန်တဲ့ ဆန္ဒ၊ ဘောလုံးအပေါ်မှာ အားစိုက်ပြီး ကစားတာမျိုးတွေနဲ့ ကျွန်တော်တို့ စလုပ်ရမှာပါ။ ဆုတ်ယုတ်ကျဆင်းမှုတွေ ကြုံလာတဲ့အခါ အဲဒါကို လက်သင့်ခံပြီး ဆက်လုပ်ရမယ်။
ကျွန်တော်တို့ ပိုကောင်းဖို့ လိုတယ်ဆိုတာ အမှန်ပါပဲ။ ကစားနေတဲ့ စကေးကို ပြောတာမဟုတ်ပါဘူး။ စရိုက်တွေကို ပြောတာပါ။ ဒါကြောင့် ဆန္ဒထက်သန်မှု ရှိဖို့ လိုပါတယ်။ သူတို့က နိုင်ပွဲရယူလိုစိတ် ပိုများနေခဲ့တာပါ။ အဲဒီလို မရဘူးလေ။ ဒါက လက်မခံနိုင်စရာပါပဲ ” လို့ ပြောသွားခဲ့တာပါ။