တန်ဟက်ကြောင့် ဒီဂီယာ အခြေအနေ ဆိုးသွားတာ လို့ သုံးသပ်လာကြတဲ့ သရဲနီဟောင်းကြီးများ
ဂိုးသမား ဒီဂီယာ ဟာ မန်ချက်စတာယူနိုက်တက်မှာ နည်းပြ အဲရစ်တန်ဟက် ပုံသွင်းချင်တဲ့ နည်းစနစ်အတိုင်း ကစားနိုင်စွမ်း မရှိတာကြောင့် အမှားတွေ ဖြစ်နေရကြောင်း သရဲနီဟောင်းကြီးတွေ ဖြစ်တဲ့ ပေါစခိုးလ်နဲ့ အိုဝင် ဟားဂရေ့ဗ် တို့က သုံးသပ်လာပါတယ်။
တန်ဟက်ရဲ့အသင်းဟာ မနေ့က ယူရိုပါလိဂ်မှာ ဆီဗီလာကို ၃ဂိုးပြတ် အရေးနိမ့်ခဲ့ပြီး သုံးဂိုးလုံးမှာ ဒီဂီယာရဲ့ အမှား မကင်းခဲ့သလို တတိယဂိုးမှာ အမြင့်ဘောကို ရှင်းထုတ်လိုက်ပုံက ပရမ်းပတာ ဖြစ်သွားပြီး အရှင်းကြီး ဂိုးပေးလိုက်ရတာ ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဒီရလဒ်နဲ့ စွမ်းဆောင်ရည်ကြောင့် ဒီဂီယာ အပါအဝင် ကစားသမားများစွာရဲ့ အနာဂတ်အပေါ် မေးခွန်းထုတ်မှုတွေ ရှိလာတော့မှာပါ။ ဒီဂီယာဟာ နွေရာသီမှာ စာချုပ်သက်တမ်းကုန်တော့မှာဖြစ်ပြီး စာချုပ်သစ် သဘောတူညီမှု မရထားသလို ယူနိုက်တက်ဟာလဲ ဒီဂီယာကို အစားထိုးမယ့် ဂိုးသမား တစ်ယောက်ခေါ်ယူဖို့ ချိတ်ဆက်နေခဲ့တာ ဖြစ်ပါတယ်။
“တစ်ပွဲလုံး သူ့ကြောင့် နှလုံးရောဂါရတော့မှာပဲ။ သူက တစ်သင်းလုံးကို ထိတ်လန့်ကြောက်ရွံ့စေခဲ့တာလို့ထင်ပါတယ်။ ဘောလုံးကို သူထိန်းသိမ်းမလား ရှင်းထုတ်မလားဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး။ သူ ဘာလုပ်ဖို့ ကြိုးစားခဲ့တာလဲဆိုတာ ကျွန်တော်လဲ သေချာမသိဘူး”လို့ စခိုးက ဝေဖန်ခဲ့ပါတယ်။
အိုဝင်ဟားဂရေ့ဗ်ကလဲ “သူ ထွက်လာတဲ့အချိန်မှာ သူကိုယ်တိုင်တောင် ဘာလုပ်ရမယ်မှန်း သေချာမသိပါဘူး။ ဒီအတိုင်း ခြေထောက်နဲ့ ကာလိုက်သင့်ပေမယ့် သူက ချီတုံချတုံ ဖြစ်နေတာ။ ဘောလုံးကို ခြေထောက်နဲ့ ဖမ်းလိုက်ဖို့ ကြိုးစားခဲ့ပေမယ့် မဖြစ်နိုင်ခဲ့ပါဘူး။
ဒီဂီယာက ကန်ချက် ကာကွယ်တဲ့နေရာမှာ တော်ပါတယ်။ ဒါပေမယ့် ခြေထောက်နဲ့ ကစားတာတော့ ညံ့တယ်။ တန်ဟက် က သူ့အသင်းကို အနောက်ကနေ စပြီး ကစားကွက်ဖော်စေချင်တယ်။ ဒါပေမယ့် ယူနိုက်တက် ခွင့်ပြုပေးလိုက်ရတဲ့ ဂိုးတွေက အဲ့ဒီ့ကနေ ဖြစ်လာတာပါ။ ဒါကြောင့် တန်ဟက် လိုချင်တဲ့ပုံစံက ဒီဂီယာနဲ့ဆိုရင်တော့ မဖြစ်ပါဘူး”လို့ သုံးသပ်ပေးခဲ့ပါတယ်။
“ဒီဂီယာက အရင်က ဂိုးသမားကောင်းဖြစ်ခဲ့ပေမယ့် အခု မဟုတ်တော့ပါဘူး။ နည်းပြက ဘောလုံးကစားတတ်တဲ့ ဂိုးသမားကိုလိုချင်တယ်။ နည်းပြ တောင်းဆိုတဲ့အရာက ဒီဂီယာ မကျွမ်းကျင်တဲ့အရာဖြစ်လို့ သူ့ကို ပိုပြီး ကြောက်စိတ် ဝင်စေတယ်။
သူက ပွဲအစတည်းက ဘောလုံးပေးတာတွေ လွဲနေတာ။ ဖြတ်တင်ဘောတွေအတွက် ထွက်မလာခဲ့ဘူး။ ပွဲကို ငြိမ်သွား အောင် သူက ထိန်းသိမ်းရမှာဖြစ်ပေမယ့် သူ မလုပ်နိုင်ခဲ့ပါဘူး”လို့ စခိုးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။