စီ ရော်နယ်ဒိုရဲ့ မက်ဆီ ခေတ် ကုန်သွားပြီ၊ အကောင်းဆုံး လူသစ် ပေါ်နေပြီလို့ ဝိန်း ရွန်းနီ သုံးသပ်
မေဂျာလိဂ် အသင်း ဒီစီယူနိုက်တက် ကို နည်းပြ အဖြစ် ကိုင်တွယ်နေပြီ ဖြစ်တဲ့ မန်ယူဂန္ထဝင် တိုက်စစ်မှုးဟောင်း ဝိန်းရွန်နီက မက်ဆီနဲ့ စီရော်နယ်ဒိုတို့ရဲ့ ခေတ်ကုန်သွားပြီလို့ အခိုင်မာဆိုလိုက်ပါတယ်။
အသက် ၃၇ နှစ်အရွယ် အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်းဟာ မန်ယူမှာ ၂၀၀၄ ကနေ ၂၀၀၉ အထိ စီရော်နယ်ဒိုနဲ့ အသင်းဖော်ဖြစ်ခဲ့တာပါ။ ကစားသမားဘ၀ ချန်ပီယံလိဂ်မှာလည်း ရွန်းနီက မက်ဆီနဲ့ မကြာခဏ ရင်ဆိုင်တွေ့ဖူးပါတယ်။
လွန်ခဲ့တဲ့ ၄ လကပဲ မက်ဆီဟာ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားအောင်မြင်မှုရခဲ့ပေမယ့် ရွန်းနီကတော့ ဆယ်စုနှစ် နှစ်ခုကြာ ဘောလုံးကို စိုးမိုးခဲ့တဲ့ စီရော်နယ်ဒိုနဲ့မက်ဆီတို့ရဲ့ ခေတ်ကုန်သွားပြီလို့ ယုံကြည်နေတာပါ။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)
The Times သတင်းစာအတွက် သူ့ရဲ့နောက်ဆုံးထွက် ဆောင်းပါး ကော်လံမှာ ရွန်နီက အခုလိုရေးခဲ့ပါတယ်။
”လက်ရှိအချိန်မှာ ကမ္ဘာ့ဘောလုံးရဲ့ အကောင်းဆုံး ကစားသမားက အာလင်း ဟာလန်းပါ။ မက်ဆီက အကြီးကျယ်ဆုံးပါ။ ဒါပေမဲ့ လက်ရှိအချိန်မှာ ကျွန်တော့်ကို ရင်သပ်ရှုမောအောင်လုပ်နိုင်တဲ့ တိုက်စစ်မှုး တစ်ယောက်လောက် ဘယ်သူကမှ ပိုမကောင်းပါဘူး။
ကျွန်တော်လည်း သူ့နေရာမှာ စံချိန်တွေ ချိုးခဲ့တာတောင်မှ သူရောက်နေတဲ့အဆင့်ကို အံ့သြမိပါတယ်။ ဘလွန်းဒီအော ဆုကို ဘယ်သူရမလဲလို့ ကြည့်မယ်ဆိုရင် အဲဒါက သူပဲဖြစ်မှာပါ။
၂၆၄ ပွဲမှာ ၂၂၄ ဂိုးသွင်းထားတဲ့ အဲဒီကစားသမားရဲ့စံနှုန်းက ကျမသွားပါဘူး။ ကျွန်တော်တို့မှာ မက်ဆီနဲ့ စီရော်နယ်ဒို တို့ရဲ့ ခေတ် ရှိခဲ့ပါတယ်။ အခုကတော့ သူ့အချိန်ပါ။ ဟာလန်းနဲ့အမ်ဘက်ပီတို့ရဲ့ခေတ်ပေါ့။
သူက မန်စီးတီး အင်္ကျီဝတ်ထားမယ်ဆိုရင်တောင် သူ့လို အရည်အချင်းမျိုးကို နှစ်ခြိုက်မှုရှိရမှာပါ”လို့ ရွန်းနီက ရေးခဲ့တာပါ။
ရွန်းနီ အထူးတလည် ချီးကျူးခဲ့တဲ့ ဟာလန်းဟာ ဒီရာသီ မန်စီးတီးနဲ့အတူ ဖလား ၃ လုံးလမ်းကြောင်းပေါ် လျှောက်လှမ်း နေပါတယ်။ အဲဒီနော်ဝေသားဟာ အင်္ဂလန်မှာ လာကစားတဲ့ ပထမဆုံးရာသီမှာတင် ပရီးမီးယားလိဂ် စံချိန်ပေါင်း များစွာ ချိုးနိုင်ခဲ့တာပါ။