အက်ဖ်အေ သမိုင်း မကြုံစဖူး ကြုံရတော့မယ့် မန်ချက်စတာ နှစ်သင်း ဗိုလ်လုပွဲ၊ အာဆင်နယ် စံချိန်ကို မှီသွားတဲ့ မန်ယူ
အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဖြစ် မနေ့ညက ဝင်ဘာလေမှာ ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ မန်ချက်စတာ ယူနိုက်တက်အ သင်းဟာ ပယ်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူပြီးတော့ ၂၀၁၅-၁၆ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်သွားပါပြီ။
ဆီဗီလာကို ရှုံးခဲ့လို့ ဖလား(၁)လုံး လက်လွှတ်လိုက်ရတဲ့ ယူနိုက်တက်တို့ အခုပွဲမှာ ဘရူနို ဖာနန်ဒက်စ်၊ ကတ်စ်မဲရိုး၊ အဲရစ်ဆင်၊ ရပ်ရှ်ဖို့ဒ်အပါအဝင် လူစုံတက်စုံနဲ့ ပွဲထွက်လာပေမယ့် ခြေစွမ်းပိုင်းက သိပ်ပြီးအားရစရာမကောင်းခဲ့ဘူး။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဘရိုက်တန်အသင်းကစားပုံကတောင် ပိုပြီး ဆွဲဆောင်မှုရှိခဲ့သလို ပါရာဂွေးလူငယ်ကြယ်ပွင့် အန်စီဆို၊ ကိုင်စီဒို၊ မက် အယ်လစ္စတာတို့ရဲ့ ကွင်းလယ်က ယူနိုက်တက်ကို အသာစီးရခဲ့ပြီး ဆိုလီမာ့ချ်၊ မီတိုမာနဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝဲလ်ဘတ်တို့ရဲ့ တိုက်စစ်ကလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ယူနိုက်တက် ကွင်းလယ်အင်ဂျင်တွေဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်၊ ကတ်စ်မဲရိုး၊ အဲရစ်ဆင်တို့ဟာ လုံးဝ အချိတ်မဆက်မမိဘဲ ဘရူနို ဖာနန်ဒက်စ်ဟာ အရေးပါတဲ့ပွဲတွေဆို ခြေစွမ်းမပြနိုင်တာ ခဏခဏဖြစ်နေပါပြီ။
ဒဏ်ရာက ပြန်လာတဲ့ ရပ်ရှ်ဖို့ဒ်ဟာ ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိသေးတဲ့ပုံပေါက်နေပြီး တိုက်စစ်ဘယ်ခြမ်းမှာ ထိရောက်တဲ့ ထိုးဖောက်မှုမလုပ်နိုင်ဘူး။
အခုပွဲမှာ ချီးကျူးရမှာက နှစ်ဖက်အသင်းရဲ့ စပိန်ဂိုးသမားတွေဖြစ်တဲ့ ရော်ဘတ် ဆန်းချက်ဇ်နဲ့ ဒီဂီယာတို့ဖြစ်ပြီး နှစ်ယောက်စလုံးဟာ အပိုင်အခွင့်အရေးတွေကို လက်စွမ်းပြကာကွယ်နိုင်ခဲ့ကြပါတယ်။
ဒီဂီယာဟာ မက်အယ်လစ္စတာရဲ့ ဖရီးကစ်၊ အန်စီဆိုရဲ့ အပိုင်ကန်ချက်တွေကို ကာကွယ်နိုင်ခဲ့သလို ရော်ဘတ် ဆန်းချက်ဇ်ကလည်း ပယ်နယ်တီဧရိယာထိပ်ကနေ ဘရူနိုဖာနန်ဒက်စ် ကန်သွင်းမှု၊ ရပ်ရှ်ဖို့ဒ်ရဲ့ ကန်ချက်တွေကို တားဆီးနိုင်ခဲ့ပါတယ်။
မိနစ်(၁၂၀)ပြည့်တဲ့အထိ ဂိုးမရှိသရေကျနေတာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ယူနိုက်တက်ဘက်က ကတ်စ်မဲရိုး၊ ဒါလော့တ်၊ ဆန်ချို၊ ရပ်ရှ်ဖို့ဒ်၊ ဆာဘစ်ဇာ၊ ဗက်ဟော့တ်၊ လင်ဒီလော့ဖ်တို့ အားလုံးဂိုးဝင်ခဲ့ပေမယ့် ဘရိုက်တန်အသင်းက ဆူလေမာ့ချ်ရဲ့ကန်ချက် မိုးပေါ်ထောင်သွားလို့ ယူနိုက်တက်တို့ (၇-၆)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။
ဒါကြောင့် ယူနိုက်တက်တို့ (၇)နှစ်အတွင်း FA ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၁၉၈၂-၈၃၊ ၁၉၉၃-၉၄ ရာသီတွေမှာ တစ်ရာသီအတွင်း လိဂ်ဖလားဗိုလ်လုပွဲနဲ့ အက်ဖ်အေ ဖလား ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီး အခု တတိယအကြိမ်မြောက်အဖြစ် အဲဒီမှတ်တမ်းကို ပြန်လည်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် အက်ဖ်အေ ဖလားပြိုင်ပွဲတစ်လျှောက် ယူနိုက်တက်တို့ ဗိုလ်လုပွဲအဆင့်ကို (၂၁)ကြိမ်မြောက် တက်ရောက် နိုင်တာ ဖြစ်ပြီး အကြိမ်အများဆုံးအဖြစ် ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းနဲ့ တူညီသွားပါပြီ။
လာမယ့်ဗိုလ်လုပွဲမှာတော့ မန်ချက်စတာဒါဘီပွဲကို မြင်တွေ့ရမှာဖြစ်ပြီး ယူနိုက်တက်နဲ့မန်စီးတီးအသင်းတို့ဟာ အက်ဖ်အေ ဖလားမှာသာမက ပြည်တွင်းရှုံးထွက်ဖလားပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲအဆင့်မှာ ပထမဆုံးအကြိမ် တွေ့ဆုံ နေတာလည်း ဖြစ်ပါတယ်။