အငြင်းပွားဖွယ် ချန်ပီယံလိဂ် ရေပန်းစား အသင်းများစာရင်းကို ရွေးထုတ်ခဲ့တဲ့ မက်ဆီ

ဒီအပတ် ပီအက်စ်ဂျီနဲ့ လိုက်ဇစ်ပွဲမှာ မပါနိုင်ခဲ့တဲ့ မက်ဆီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြင်သစ်ကလပ်နည်းတူ အနိုင်ရဖို့ ရေပန်းစားကလပ်တွေကို ရွေးထုတ်ခဲ့ပါတယ်။

မက်ဆီ ရွေးချယ်တဲ့ ကလပ်တွေထဲမှာ လာလီဂါ အင်အားကြီး ကလပ်တွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ မပါခဲ့ပေမယ့် အုပ်စုကနေ တက်ဖို့ မသေချာတဲ့ အက်သလက်တီကိုတော့ ပါဝင်ခဲ့တာပါ။ မက်ဆီဟာ စီးရီးအေကလပ် တစ်သင်းမှလည်း ချန်ပီယံဖြစ်နိုင်မယ်လို့ မထင်ပုံရပါတယ်။

မက်ဆီက ” ဒီရာသီ ချန်ပီယံလိဂ်ဖလား ရယူဖို့က ကျွန်တော့်ရဲ့ ရည်မှန်းချက် ဖြစ်ပြီး ကလပ်ရဲ့ ရည်မှန်းချက်လည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီက ချန်ပီယံလိဂ်ဖလားကို ရယူချင်နေပါတယ်။ ကျွန်တော်တို့ အသင်းက ချန်ပီယံဖြစ်ရေး ရေပန်းစားနေပေမယ့် ဆုဖလားအတွက် ကျွန်တော်တို့ တစ်သင်းတည်း ရှိနေတာ မဟုတ်ပါဘူး။

ချန်ပီယံ ဖြစ်နိုင်တဲ့ အသင်းတွေ အများကြီး ရှိတဲ့ ဒီပြိုင်ပွဲက အနိုင်ရဖို့ တကယ့်ကို ခက်ခဲပါတယ်။ အကောင်းဆုံး အသင်းတိုင်းလည်း အမြဲတမ်း ချန်ပီယံမဖြစ်ပါဘူး။ ချန်ပီယံဖြစ်ဖို့ တခြားကိစ္စတွေ အများကြီးရှိပါသေးတယ်။ ကျွန်တော်တို့ အသင်းက ချန်ပီယံဆု ရနိုင်တဲ့ အသင်းတွေထဲက တစ်သင်းပါ။

တခြား အသင်းတွေကလည်း ဒီနှစ်တွေမှာ အတူတကွနဲ့ စုဖွဲ့ကစားလာကြတာပါ။ သူတို့တွေက ကစားသမားကောင်းတွေလည်း ခေါ်ယူထားပါတယ်။ မန်ယူနိုက်တက်၊ မန်စီးတီး၊ ဘိုင်ယန်၊ လီဗာပူး၊ အက်သလက်တီကိုနဲ့ ချဲလ်ဆီး တို့လို အသင်းတွေပေါ့ ” လို့ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

မက်ဆီက ကစားသမားဘဝ ၇ ကြိမ်မြောက် ဘလွန်းဒီအာဆုကို ရရှိဖို့ အခွင့်အရေးနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခံရချိန်မှာလည်း သူ့ရဲ့ အမြင်ဘက်ကနေ ဆွေးနွေးပေးခဲ့ပြီး ကမ္ဘာအကောင်းဆုံး ရွှေဘောလုံးဆုကို နှစ်နှစ်ဆက်အဖြစ် အနိုင်ရဖို့ မမျှော်လင့်ထားပါဘူးလို့ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။