စပါးနဲ့ ပွဲ မတိုင်ခင် မန်ချက်စတာ ယူနိုက်တက် ဒဏ်ရာရ ကစားသမားတွေရဲ့ နောက်ဆုံးရ အခြေအနေ
ဒီတစ်ပါတ် စပါး အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်မီ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေရဲ့ အခြေအနေတွေကို စုစည်းပေးလိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကတော့ ဗဟိုခံစစ်မှူး ရာဖေးလ် ဗာရန်း ဟာ မန်စီးတီး အသင်းနဲ့ ရင်ဆိုင်ရမယ့် FA ဖလား ဖိုင်နယ်ပွဲအမီ ပြန်လည် သက်သာကောင်းမွန်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ဗာရန်းဟာ ယူနိုက်တက်တို့ အိုးလ်ထရပ်ဖို့ဒ်မှာ ဆီဗီလာ အသင်းနဲ့ ရင်ဆိုင်ခဲ့ရစဉ် ဒဏ်ရာရခဲ့ပြီး 3 ပွဲဆက် ကစားခွင့် လွဲချော်ထားခဲ့တာပဲ ဖြစ်ပါတယ် ။ အခြားတဖက်မှာတော့ လီဆန်ဒရို မာတီနက်ဇ် ဟာလည်း ဒဏ်ရာကြောင့် ရာသီကုန် အထိ လွဲချော်ဖို့ ရှိနေပါတယ် ။
ဒါ့ကြောင့်လည်း ဘရိုက်တန် နဲ့ ကစားခဲ့ရတဲ့ FA ဖလား ပွဲစဉ်မှာ လင်ဒီလော့ဖ်နဲ့ လုခ်ရှောတို့ ပွဲထွက် ပါဝင်လာခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒီပွဲမှာ ယူနိုက်တက်တို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး 7-6 နဲ့ အနိုင် ကစားနိုင်ကာ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ကြပါတယ်။
အခြားတစ်ဖက်မှာတော့ ယူနိုက်တက် အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယားဟာ ပွဲပယ် ခံထားခဲ့ရတာကြောင့် ကစားခွင့် ဆုံးရှုံးခဲ့ရတာ ဖြစ်ပြီး လုခ်ရှော က ဗဟို ခံစစ်မှူး အဖြစ်နဲ့ ကစားခဲ့ရတာပဲ ဖြစ်ပါတယ်။
ဒီလို အနေအထား တစ်ရပ်မှာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ကတော့ ဗာရန်းဟာ FA ဖလား ဖိုင်နယ်ပွဲစဉ် အမီ ပါဝင်လိမ့်မယ်လို့ ထင်မိကြောင်း ပြောကြားသွားခဲ့လိုက်ပါတယ်။
” ကျွန်တော်ကတော့ အဲ့ဒီလိုပဲ ထင်ပါတယ် ။ ဗာရန်းဟာ FA ဖလား ဖိုင်နယ်ပွဲ အမီ အသင်း အတွက် ပြန်လည် ပါဝင် ကစားပေးနိုင်ပါလိမ့်မယ် ” လို့ အဲရစ် တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ်။
အခြားတဖက်မှာတော့ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ဟာလည်း ဘရိုက်တန် နဲ့ ပွဲစဉ်မှာ ဒဏ်ရာ ရရှိထားခဲ့ပြီး တော့တင်ဟမ် နဲ့ ပွဲစဉ်မှာ ပါဝင်လာမလားဆိုတာတော့ မသိရသေးပါဘူး။