နွေဈေးကွက်တောင် မဖွင့်သေးခင် အဓိက တိုက်စစ်မှုး ပစ်မှတ်ကို မန်ယူတို့ လက်လွှတ်ရပြန်ပြီလား

နွေဈေးကွက်တောင် မဖွင့်သေးခင်မှာပဲ မန်ချက်စတာ ယူနိုက်တက် ချိန်ရွယ်ထားတဲ့ တိုက်စစ်မှုးဟာ အခြားအသင်းထံ ပါသွားဖို့ ဖြစ်လာပါပြီ။

ပြင်သစ်ထိပ်သီးကလပ် PSG အသင်းဟာ နာပိုလီအသင်း နာမည်ကျော် တိုက်စစ်မှူးအိုစီမန်ကို ခေါ်ယူနိုင်ဖို့အတွက် သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့ သတင်းထွက်လာပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ နိုက်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှူး အိုစီမန်ဟာ ဒီရာသီမှာ နာပိုလီအသင်းအတွက် ခြေစွမ်းပြဂိုးတွေသွင်းနေပြီး ပြိုင်ပွဲစုံ(၃၂)ပွဲကစား၊ (၂၆)ဂိုး သွင်းခဲ့သလို အဲဒီထဲက (၂၁)ဂိုးဟာ စီးရီးအေမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

အိုစီမန်ရဲ့ သွင်းဂိုးတွေကြောင့် နာပိုလီအသင်း ၁၉၉၀ နောက်ပိုင်းကတည်းက ဝေးကွာနေတဲ့ စီးရီးအေ ချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့ နီးစပ်နေပြီး ဒီရာသီချန်ပီယံလိဂ်မှာလည်း အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။

ဒီလို ခြေစွမ်းကောင်းတွေပြသနေတဲ့ အိုစီမန်ကို ခေါ်ယူဖို့ ဥရောပထိပ်သီးအသင်းတွေက ပစ်မှတ်ထားနေကြပြီး အထူးသဖြင့် မန်ချက်စတာယူနိုက်တက်အသင်းက အိုစီမန်ရဲ့အပြောင်းအရွှေ့အတွက် ရေပန်းအစားဆုံး ဖြစ်နေခဲ့တာပါ။

ဒါပေမဲ့ နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ PSG အသင်းဟာ အိုစီမန်ကို ခေါ်ယူဖို့ သူ့ရဲ့အေးဂျင့်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရသွားပြီလို့ ဖော်ပြခဲ့တာကြောင့် ယူနိုက်တက်အတွက် ထိုးနှက်ချက်ဖြစ်လာပါတယ်။

တစ်ခုရှိတာက အိုစီမန်ဟာ ပြင်သစ်လိဂ်ကို မသွားချင်ဘဲ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့ ဆန္ဒပြင်းပြနေတာကြောင့် ယူနိုက်တက်အတွက် မျှော်လင့်ချက်ရှိနေဆဲလို့ သတ်မှတ်ရမှာပါ။

ပြီးခဲ့တဲ့လအတွင်း အင်တာဗျူးတစ်ခုမှာ အိုစီမန်က “ကမ္ဘာ့အကောင်းဆုံး ထိပ်သီးလိဂ်ပြိုင်ပွဲ(၅)ခုထဲက တစ်ခုမှာ ကစားခွင့်ရတာဟာ တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ခံစားချက်ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီထဲမှာ ပရီးမီးယားလိဂ်က ကမ္ဘာ့အကောင်းဆုံးလိဂ်ပြိုင်ပွဲဖြစ်တယ်ဆိုပြီး လူတော်တော်များများက သတ်မှတ်ထားကြပါတယ်။

ဒါပေမဲ့ အခုလောလောဆယ် ကျွန်တော်ကလည်း ထိပ်သီးလိဂ်(၅)ခုထဲမှာ ပါဝင်နေတဲ့ စီးရီးအေပြိုင်ပွဲမှာ ကစားနေတာ ဖြစ်ပါတယ်။ တစ်ချိန်ချိန်ကျရင် ကျွန်တော့်ရဲ့အိပ်မက်ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာကစားခွင့်ရအောင် အစွမ်းကုန် ကြိုးစားသွားမှာပါ”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။